Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။

“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ)

ဒါပေမဲ့ ဒီဥပေဒကို ပြန်လည်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာတွေက ဖော်ပြခြင်းမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Local Times အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ပြန်လည်ကူးယူဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေတပ် ဖြန့်ချိနေတာတွေ့ရတယ်။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ Radio NUG ကဖော်ပြခဲ့တဲ့ “စစ်မှုထမ်းဥပဒေဟာ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအတွက် နိဂုံး၏အဆုံးသတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား”၊ လူထုနွေဦးသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “စစ်မှုထမ်းဥပဒေထုတ်ပြန်မှု ပေါ့ဆမနေဘဲ တော်လှန်ရေးတပ်များနှင့် အတူ ပူးပေါင်း တွန်းလှန် တိုက်ခိုက်ရန် အချိန်ကောင်းဟု KNDF ဒုစစ်ဦးစီးချုပ်ပြော”နဲ့ အခြားသော သတင်းဌာနကတွေက သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တာတွေ့ရပါတယ်။ 

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀၁ဝ ခုနှစ်ထဲမှာ ပြဌာန်းခဲ့တဲ့ ဒီဥပဒေဟာ အရပ်သား တပိုင်း ဒီမိုကရေစီ အစိုးရ ၂ ဆက်မှာ အသက်မသွင်းခဲ့ပေမဲ့ အခုလို လူထုဆန့်ကျင်မှုများနေချိန်နဲ့ စစ်တပ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်မ တော်လှန်ရေး အင်အားစုတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခံရနေတဲ့ စစ်ကောင်စီဟာ အခုလို ပြဌာန်းလာတာဖြစ်ပြီး ဒီဥပဒေကို တရားဝင်ပေါ်တာဆွဲခွင့်ဥပဒေလို့‌ လူထုက ဝေဖန် ကြောင်းစတဲ့ ဝေဖန်ချက်တွေကို ဒီဗွီဒီယိုထဲမှာဖော်ပြထားပါတယ်။ 

ထို့အပြင် ဒီဥပဒေပြဌာန်းအပြီး မုံရွာ-မန္တလေးလမ်းပိုင်းမှာ လူငယ် ၄၀ ကျော်ကို ကားပေါ်က ဆွဲချဖမ်းခေါ် သွားတဲ့အကြောင်းအပါအဝင် စစ်တပ်ရဲ့ဖမ်းဆီးမှုတွေကို ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာ၊ ဒီလိုပြဌာန်းမှုကို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ တုန့်ပြန်ချက်နဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်းတွေကို နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ စစ်ကောင်စီက ဒီစစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက် လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ

Avatar

Title:Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *