Fact Check: မြန်မာစစ်ခေါင်းဆောင် လာလည်ပြီးနောက် လမ်းတွေကို ထိုင်းပြည်သူတွေ နွားနို့နဲ့ ဆေးကြောပစ်ခဲ့သလား – မဟုတ်ပါ

False နိုင်ငံတကာ၊ | International

ထိုင်းနိုင်ငံကို သမ္မတတဖြစ်လဲ မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် လာလည်ပြီးနောက်မှာ ထိုင်းပြည်သူတွေက လမ်းမတွေကို နွားနို့နဲ့ ဆေးကြောပစ်ကြတယ်ဆိုပြီး နွားနို့တွေ လမ်းမပေါ် သွန်ပစ်နေတဲ့ ဓာတ်ပုံတပုံနဲ့အတူ ပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဉာဏ်ရည်တု နည်းပညာအသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်ပြီး အဖြစ်အပျက်ဟာ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အထောက်အထားမရှိပါဘူး။ 

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ 

“ထိုင်းနိုင်ငံရှိ ပြည်သူများက မအလ ထိုင်းနိုင်ငံသို့ လာရောက်ပြီးနောက် ထိုင်းနိုင်ငံရှိ လမ်းမများကို နွားနို့များဖြင့် ဆေးကြောနေကြပါသည်။ 

အရှေ့တိုင်းအယူဆများအရ အမင်္ဂလာကောင် အိမ်သို့ရောက်လာခြင်း၊ မြို့သို့ဝင်လာခြင်းများ ရှိပါက နမိတ်မကောင်း‌ကြောင်း၊ ကျတ်သရည်ယုတ်ကြောင်း အယူရှိကြပြီး ထိုသူပြန်သွားသောအခါ ၎င်း အသုံးပြုခဲ့သည့် ထိုင်ခုံများ ၊ဝင်ရောက်ခဲ့သည့် အဆောက်ဦးများ၊ သွားလာခဲ့သည့် လမ်းမများနှင့် ဆက်စပ် လမ်းမများကို နွားနို့ဖြစ်ဆေးကြသော အယူဆရှိလေသည်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

မြန်မာစစ်ခေါင်းဆောင်ဟောင်းရဲ့ ထိုင်းခရီးစဉ်ဟာ ထိုင်းနဲ့ ပြည်ပရောက် မြန်မာတွေ ဝေဖန်မှုပြင်းထန်ခဲ့တဲ့ ခရီးစဉ်တခုဖြစ်သလို ထိုင်းမှာလည်း ဆန္ဒပြမှုနဲ့ ဆန့်ကျင်ကန့်ကွက်မှု တချို့ရှိခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ အနုတင်ပုံစံမျက်နှာဖုံးတွေဝတ်ပြီး ကိတ်မုန့်ခွဲစားပြီး ဆန္ဒပြခဲ့ကြတာ၊ ထိုင်းရဲ့ အဓိကအတိုက်ခံပါတီ အမတ်တဦးက အော်ဟစ်ဆန္ဒပြတာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ခရီးစဉ်ကို ကန့်ကွက်စာတမ်းချိတ်ဆွဲ ဆန္ဒပြတာနဲ့ ထိုင်းအခြေစိုက် ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြတာတွေ စသည့်ဖြင့် ရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ထိုင်းနိုင်ငံက လမ်းမတွေကို နွားနို့နဲ့ ဆေးကြောနေတဲ့ ဒီဓာတ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေပေမဲ့ အဓိကကျတဲ့ မြန်မာ သတင်းဌာနတွေမှာ ဖော်ပြချက်မတွေ့ရသလို ထိုင်းအခြေစိုက် သတင်းဌာန တခုတလေကမျှလည်း ဖော်ပြချက် မတွေ့ရတဲ့အတွက် အပြင်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခု မဖြစ်နိုင်တာတွေ့ရပါတယ်။ 

ဓာတ်ပုံကို မျက်မြင်အားဖြင့် သေချာကြည့်မယ်ဆိုရင် နွားနို့ပုံးကိုင်ထားတဲ့ လက်တွေဟာ အလေးချိန်တခုရှိတဲ့ ပစ္စည်းကို ကိုင်ထားသလိုမထင်ရဘဲ ဟန်ပြဖြစ်နေတာ၊ ဘောက်ဆာကားအနီးက လူတွေမှာ မျက်နှာတွေ ဝေထားနေတာစတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပြုလုပ်ထားဟန်ရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ 

ပုံကို ဉာဏ်ရတည်တုနည်းပညာပလက်ဖောင်းတခုခု အသုံးပြု ဖန်တီးထားခြင်းရှိမရှိ စစ်ဆေးကြည့်ရာမှာတော့ ဒီဓာတ်ပုံဟာ OpenAI ရဲ့နည်းပညာတခုခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

ထိုင်းနိုင်ငံကို စစ်ခေါင်းဆောင်လာရောက်ချိန်မှာ ထိုင်းရောက် မြန်မာတချို့က နည်းလမ်းအများအပြားနဲ့ ဆန္ဒပြမှု တချို့ ပြုလုပ်ခဲ့တာရှိပေမဲ့ ဒီလို နွားနို့သွန်ပြီး ဆန္ဒပြတာ မတွေ့ရပါဘူး။ စစ်ခေါင်းဆောင်အပြန်မှာ ထိုင်းပြည်သူတွေက လမ်းမတွေကို နွားနို့နဲ့ ဆေးကြော ပစ်ကြဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဓာတ်ပုံဟာ ဉာဏ်ရည်တု နည်းပညာအသုံးပြုဖန်တီးထားတာ တွေ့ရပါတယ်။

Result Stamp

Title: Fact Check: မြန်မာစစ်ခေါင်းဆောင် လာလည်ပြီးနောက် လမ်းတွေကို ထိုင်းပြည်သူတွေ နွားနို့နဲ့ ဆေးကြောပစ်ခဲ့သလား – မဟုတ်ပါ

Written By: နေရာမောင်

Result: False