အိန္ဒိယမှာ ၁၃ နှစ်အရွယ် မိန်းကလေးအပေါ် ကျူးလွန်တဲ့ မုဒိန်းမှုကို သေဒဏ်ပေးတဲ့ မြင်ကွင်းဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမျှဝေမှုသာ ဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ခေါင်းကို အိတ်နဲ့ စွပ်ထားတဲ့ အမျိုးသား ၄ ယောက်ကို ကြိုးတွေနဲ့ စွပ်ထားပြီး တိုင်တတိုင်ပေါ် ဆွဲတင်လိုက်တာတွေ့ရပြီး လက်နဲ့ ခြေတွေဟာ ရုန်းကန်လှုပ်ရှားနေရာကနေ ငြိမ်သက်သွားတဲ့ မြင်ကွင်းကို ဒီဗွီဒီယိုထဲမှာ မြင်တွေ့ရတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“၁၃နှစ်အရွယ် မိန်းခလေးအား အုပ်စုလိုက် အဖွဲ့အဓမ္မပြုကျင့်သူများကို အိန္ဒိယအစိုး ရက ပြည်သူလူထုရှေ့မှာ သေဒဏ်ပေး”

နောက်ထပ် ပျံ့နှံ့နေတဲ့ ဗွီဒီယိုတခုမှာတော့ ခေါင်းမှာ အိတ်အမည်းရောင် ခေါင်းစွပ်စွပ်ထားတဲ့ လူတချို့နဲ့ ရဲတချို့ကို မြင်တွေ့ရပြီး မုဒိန်းမှုအတွက် ကြိုးပေးကွက်မျက်မှုလို့ ဆိုထားပါတယ်။

အချက်အလက်စိစစ်ချက်
Google မှာ ဗွီဒီယိုကို ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုနဲ့ တူညီတဲ့ မြင်ကွင်းကို “Gaon Ka Arman”အမည်နဲ့ ယူကျူ့အသုံးပြုသူတက ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်မှာ မျှဝေထားတာ အစောဆုံး တွေ့ရပါတယ်။ ဖြစ်စဉ်ဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် နှစ်တနှစ်ရဲ့ အစမှာ ကျင်းပတဲ့ မုဟရ်ရမ်(muharram) ပွဲတခုက မြင်ကွင်းဖြစ်တာ တွေ့ရပြီး ကြိုးပေးကွက်မျက်တဲ့ ဖြစ်စဉ်တခုမဟုတ်တာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဂျာခန်(Jharkhand)ပြည်နယ် မန်ဂျနီ(Manjhne)ရွာလို့ ဗွီဒီယိုပို့စ်မျှဝေထားသူက ဖော်ပြထားတဲ့ ဒီမြင်ကွင်းဖြစ်စဉ်တွေနဲ့ အလားတူတဲ့ ဗွီဒီယိုတွေကို သူ့ရဲ့ ယူကျူ့ချန်နယ်မှာ ထပ်မံ တွေ့ရှိရပါတယ်။

ဒီလိုမျိုး လူငယ်တွေတိုင်ပေါ်တက်ပြီး စွန့်စားမှုတွေပြသတဲ့ သရုပ်ပြပွဲတော်တွေဟာ အိန္ဒိယမှာ ဟိန္ဒူဘာသာရေးနဲ့ ပတ်သက်တဲ့ ပွဲလမ်းတွေမှာလည်း အများအပြားတွေ့ရှိနိုင်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

နောပ်ထပ် ဗွီဒီယိုဖြစ်တဲ့ ခေါင်းမှာ အိတ်အမည်းရောင် ခေါင်းစွပ်စွပ်ထားတဲ့ လူတချို့နဲ့ ရဲတချို့ကို အတူတွဲမြင်ရတဲ့ မြင်ကွင်းကတော့ အိန္ဒိယနိုင်ငံ မဟာရပ်ရှထရာ(Maharashtra)ပြည်နယ် ဘာဝလီဆည်(Bhavali Dam)မှာ ဖြစ်ပွားခဲ့တဲ့ ခရီးသွားမိသားစုတစုကို ဒေသခံတွေက နှောင့်ယှက်ရမ်းကားမှုအတွက် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ စွပ်စွဲခံရသူတွေကို အခင်းဖြစ်ရာနေရာကို ခေါ်ဆောင်လာတဲ့ မြင်ကွင်းပဲဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အိန္ဒိယမှာလည်း ဒီဗွီဒီယိုမြင်ကွင်းပါ လူတွေကို ကြိုးပေးကွက်မျက်လိုက်ပြီးဆိုပြီးတော့ မျှဝေထားတာဟာ မဟုတ်မှန်ကြောင်း အိန္ဒိယအခြေစိုက် အချက်အလက်စိစစ်တဲ့အဖွဲ့တခုဖြစ်တဲ့ “Newschecker”က အချက်အလက်စစ်ဆေးထားတာ တွေ့ရပါတယ်။
သုံးသပ်ချက်
ဗွီဒီယိုဟာ အိန္ဒိယ မြောက်ပိုင်းက ရွာတရွာမှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာရေးပွဲတော်နဲ့ သက်ဆိုင်တဲ့ သရုပ်ဖော်ဗွီဒီယိုဖြစ်ပြီး မုဒိန်းမှုအတွက် သေဒဏ်ပေးတဲ့ ဗွီဒီယိုမဟုတ်တာတွေ့ရပါတယ်။ အိန္ဒိယမှာ မုဒိန်းမှုကို သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချမှတ်လေ့ရှိပေမဲ့ မုဒိန်းမှုကျူးလွန်သူတိုင်းကို သေဒဏ်ချတာမျိုးမဟုတ်ပါဘူး။ ဒီလိုပဲ အများပြည်သူရှေ့မှာ သေဒဏ်စီရင်တဲ့ ဓလေ့ အိန္ဒိယမှာ ကျင့်သုံးလေ့ မရှိတာလည်းတွေ့ရပါတယ်။

