ထိုင်းကအပြန်မှာ သမ္မတ တဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လေယာဉ် ပျက်ကျပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စာသားကောက် နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာတွေမှာလည်းတွေ့ရတယ်။
“ထိုင်းအပြန် မင်းအောင်လှိုင် လေယာဉ် ပျက်ကျ
ဝန်ကြီး ၈ ဦးနဲ့ အရာရှိ ၁၂ ဦး သေဆုံး
လေယာဉ် စက်ချို့ယွင်းမှု ဖြစ်ဟု ထိုင်းက သတင်းထုတ်ပြန်
အရေးပေါ် ကယ်ဆယ်ရေး ထိုင်းအစိုးရ လုပ်ဆောင်နေ”

အချက်အလက်စိစစ်ချက်
စစ်ခေါင်းဆောင်ဟောင်း ထိုင်းက အပြန် လေယာဉ်ပျက်ကျတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တခုတလေကမျှ ဖော်ပြချက်မရှိပါဘူး။ ထိုင်းကအပြန် လေးမျက်နှာမှာ တာရိုးကျိုးလို့ ရေနှစ်မြှုပ်နေတဲ့ ဧရာဝတီတိုင်းကို လေယာဉ်နဲ့မင်းအောင်လှိုင်ဟာ လှည့်လယ်ကြည့်ခဲ့ပါသေးတယ်။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက် စိစစ်ခဲ့တာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေဟာ “မင်းအောင်လှိုင်ကို ကြိုဆိုမှုက ထိုင်းရဲ့OECD ဝင်ခွင့်အားထုတ်မှုကိုထိခိုက်စေနိုင်ကြောင်း အတိုက်အခံပါတီ သတိပေး”၊ “မင်းအောင်လှိုင်နဲ့ အနုတင်ကို ကိတ်မုန့်ခွဲစားပြီး ဆန္ဒပြခဲ့ကြ”စတဲ့ သမ္မတဖြစ်လဲ မင်းအောင်လှိုင် ထိုင်းကို အလည်ပတ်ရောက်စဉ် ကန့်ကွက်ဆန္ဒပြမှု သတင်းတွေနဲ့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCတွေ့ဆုံမှု ကုလသမဂ္ဂနဲ့ အမေရိကန်အထက်လွှတ်တော်ကြိုဆို”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း ထိုင်းမှာ စစ်ခေါင်းဆောင်ကို ကန့်ကွက်ဆန္ဒပြကြတဲ့ သတင်းကို ထိုင်းကအပြန်မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လေယာဉ် ပျက်ကျပြီး သေဆုံးသွားတယ်ဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိထားခြင်းဖြစ်တယ်။

