Fact Check: စောချစ်သူခေါင်းဆောင်တဲ့ BGF အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက် ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်နေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ 

KNLA နဲ့ PDF တပ်တွေ မြဝတီမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်က မြဝတီမြို့ ပြန်လည်စိုးမိုးရေး အတွက် အောင်ဇေယျစစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးတရပ်ဖော်ဆောင်ခဲ့ပါတယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာတွေ့ရပါတယ်။

“BGF ခေါင်းဆောင်ပွဲကြမ်းပီဟေ့ 

BGF ခေါင်းဆောင်စောချစ်သူမှ အောင်ဇေယျ 

စစ်ကြောင်းကိုပြန်တိုက်ကုန်ပီဟေ့”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလိုဖော်ပြ ထားတဲ့ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည်ကူးယူပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ တကယ်တမ်းမှာ စောချစ်သူ ဦးဆောင်တဲ့ BGF ဟာ စစ်တပ်လက်အောက်ခံ BGF အဖြစ်ကနေ အထောက်အပံ့မယူတော့တဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အဖြစ် ရပ်တည်မယ်လို့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စတင်ပြောကြားခဲ့ပါတယ်။ ဧပြီလ ထဲမှာ တော်လှန်ရေးတပ်တွေ မြဝတီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းရာမှာ စောချစ်သူရဲ့ တပ်ဖွဲ့တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီးအကြားတိုက်ပွဲတွေမှာ ကြားနေခဲ့ပါတယ်။

တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ သံလွင်ခက်သတင်းဌာနကဖော်ပြခဲ့တဲ့  “အောင်ဇေယျ စစ်ကြောင်းကို အပြီးတိုင်နှိမ်နင်းရန်အတွက် ခွဲထွက်ကရင်အဖွဲ့များကိုသိမ်းသွင်းရန်လို”၊ “လက်နက်ကြီးထိမှန်မှု ကြောင့် ထန်းတပင်မြို့နယ်က ဒေသခံ ၄ ဦးသေဆုံး”၊ “သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ ရေတပ် သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်”စတဲ့ သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။ 

ဒီအပြင် မြဝတီမြို့မှာ မြန်မာစစ်တပ်စိုးမိုးနိုင်ဖို့အတွက် BGF က အားဖြည့်ကူညီပေးနေတာတွေ့ရပြီး “ မြဝတီမြို့ ကို BGF တပ်က အင်အားတစ်ထောင်နီးပါးနှင့်ထိန်းချုပ်ထား”တယ်လို့ ကရင်အခြေစိုက်မီဒီ ယာတခုဖြစ်တဲ့ KIC က သတင်းဖော်ပြပါတယ်။ စစ်တပ်အထောက်အပံ့ခံ BGF ကနေ ဗိုလ်မှူးကြီးစောချစ်သူ နုတ်ထွက်ပြီလို့ ကြေညာ ခဲ့ပေမဲ့ စစ်တပ်ကို ပြန်လည်တိုက်ခိုက်တော့မယ်ဆိုတဲ့ ပြောဆိုချက်မျိုးဖြစ်စေ လက်ရှိမြဝတီမြို့မှာ ထိန်းချုပ် ထားတဲ့ BGF တပ်တွေမှာ သူ့ရဲ့ တပ်တွေ ပါဝင်ခြင်းရှိမရှိဖြစ်စေ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သုံးသပ်ချက်

ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်ခိုက်နေပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာတွေ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး လိုအပ်သလို ခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတယ်။

ပြောဆိုချက်- ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်ခိုက်

Avatar

Title:Fact Check: စောချစ်သူခေါင်းဆောင်တဲ့ BGF အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက် ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *