အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ ပြင်းထန်တဲ့ အာဆီယံရဲ့ ဖိအားကြောင့် ဒေါ်စုကို နေအိမ်ပြန်ပို့ဖို့ ကောင်စီ ဆုံးဖြတ် ၊ ပြည်သူတွေ ကခုန်နေကြပြီ”

အချက်အလက်စိစစ်ချက်
အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။
ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။
အခု ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက် ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့ အကြောင်းအရာဟာ အာဏာသိမ်း မြန်မာစစ်တပ်ကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဝန်ကြီးတွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘောတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံသူ တဦးရဲ့ အတွေးအမြင်ကို ပြန်လည်မျှဝေထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရတယ်။
သုံးသပ်ချက်
“Khit Thit Media”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်ကို တုပထားပြီး လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ အာဆီယံဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွှတ်ပေးလိုက်ပြီဆိုတာ မဟုတ်မှန်ဘဲ လူစိတ်ဝင်စားမှုရပြီး ဗွီဒီယိုကို လူကြည့်များအောင် လုပ်ကြံရေးသားမျှဝေထားတဲ့ ကလစ်ဗိုက်(clickbaits)သာဖြစ်တယ်။

