
နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။
“စစ်ကောင်စီကို တရုတ်စစ်ကြေငြာ
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုတိုက်ခိုက်ဖို့
တရုတ်စစ်ကူ(၅၀၀၀)လာရှိုးသို့ရောက်ရှိနေ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit News” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည် ကူးယူပြီး ခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ကာ ဖြန့်ချိလေ့ ရှိတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ထိန်းချုပ်မှု ဆုံးရှုံးလာတာနဲ့အမျှ တရုတ်ဩဇာလွှမ်းမိုးမှု ကြီးထွားလာဟု အကဲခတ်တွေပြော” ဘာသာပြန်အတွေးအမြင်ဆောင်းပါးနဲ့ “Myanmar Press Photo Agency” ကဖော်ပြခဲ့တဲ့ “နွားထိုးကြီး ထွေအုပ်ရုံးနှင့် ရဲစခန်းကို PDF သိမ်း၊တစ်မြို့လုံးကို တော်လှန်ရေးတပ်များ ဝိုင်းထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားပေမဲ့ ဒီလို အထောက်အထားမရှိပါဘူး။ တရုတ်ဩဇာလွှမ်းမိုးမှုကြီးထွားလာနေတဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ အကြောင်း ဘာသာပြန်ဆောင်းပါးတပုဒ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီ

Title:Fact Check: နေပြည်တော်ကို သိမ်းပိုက်ဖို့ တရုတ်စစ်ကူ ၅၀၀၀ လားရှိုးရောက်နေဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False