Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီလို့ သားဖြစ်သူ ကိုထိန်လင်းက အတည်ပြုလိုက်တယ်ဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  

“ခြံအမှတ်(၅၄)နေအိမ် အမေစု ပြန်ရောက်ပြီဟု 

သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ 

တနိုင်ငံလုံး အိုးစည်ဗုံမောင်းတီးကခုန်ကြပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကပ်ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်က ခြံအမှတ် ၅၄ ကို ပြန်လည်ရောက်ရှိပြီလို့ သားဖြစ်သူက အတည်ပြုတယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ ကိုထိန်လင်းရဲ့ လူမှုကွန်ယက်မှာ ဒီသတင်း‌ဖော်ပြချက်မရှိပါဘူး။  ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ပြန်လည်ရောက်ရှိပြီဆိုတာလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်းဖော်ပြချက်မရှိပါဘူး။ 

၂၀၂၂ ခုနှစ် ဇူလိုင်လထဲမှာ မီဒီယာတခုမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ပြန်ရောက်လာတဲ့ သတင်းထွက် ပေါ်တဲ့အကြောင်းဖော်ပြခဲ့ပေမဲ့ ဒီသတင်းဟာ မှန်ကန်ခြင်းမရှိပါဘူး။

စစ်အာဏာသိမ်း ၄ နှစ်ပြည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ သားဖြစ်သူ ကိုထိန်လင်းဟာ သူ့အမေကို အသက်အရွယ်နဲ့ ကျန်းမာ‌ရေး အခြေအနေကို ထောက်ထားပြီး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို အိတ်ဖွင့်စာတစောင်ပေးပို့ခဲ့ပါတယ်။

Also read- Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည် ကာလရှည်ကြာနေထိုင်ခဲ့တဲ့ သမိုင်းဝင် နေအိမ်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေကိစ္စအကြောင်းပြပြီး ထုခွဲရောင်းချဖို့ တရားရုံး ဦးတိုက်လျှောက်ထားမှုမှာ စစ်ကောင်စီ တရားရုံးအနိုင်ပေးပြီး လေလံတင်ရောင်းချနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်က လွှတ်ပေးခဲ့သည့်တိုင် ပြန်လည်နေထိုင်နိုင်ဖို့ အလားအလာနည်းပါးပါတယ်။ 

သုံးသပ်ချက်

“Star Vibes”ဟာ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာဖြစ်တယ်။ ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီလို့ သားဖြစ်သူ ကိုထိန်လင်းက အတည်ပြုလိုက်တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။

ပြောဆိုချက်- ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီ

Avatar

Title:Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *