Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

နိုင်ငံတကာ၊ | International

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။ 

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

“ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်းကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ ယူကရိန်း စစ်သားတယောက်ရဲ့ စျာပနအခမ်းအနားတခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo ကမ္ဘောဒီးယား အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ယူကရိန်းဘာသာစကားအသုံးပြုသူတယောက် ဖေ‌ဖော်ဝါရီ ၂၆ ရက်က မျှဝေထားတဲ့ ၂ မိနစ်ကျော်ရှည်လျားတဲ့ မူလဗွီဒီယိုထဲမှာ အခုလို သမ္မတကို ကြိုဆိုနေတဲ့ ပြည်သူတွေလို့ဆိုထားတဲ့ ဗွီဒီယိုပါ မြင်ကွင်းလည်းပါဝင်ပြီး ဘုရားကျောင်းတခုရှေ့မှာ ယာဉ်တန်းရပ်သွားပြီး အခေါင်းတခုကို လက်ဝါးကပ်တိုင် ထောင်လိုက်တာတွေ့ရပြီး ခရစ်ယာန်ဘုန်းကြီးတွေလည်း တွေ့ရပါတယ်။  

ထပ်မံ ရှာဖွေကြည့်ရာမှာတော့ ဒီဗွီဒီယိုဟာ ဇန်နဝါရီ ၂၃ ရက်ကတည်း ဖေ့စ်ဘွတ်အသုံးပြုသူတယောက်တင်ထား တာတွေ့ရပြီး စုစုပေါင်း ဗွီဒီယို ၄ ကိုတွေ့ရပြီး ဘုရားကျောင်းကို ယာဉ်တန်းနဲ့ ဈာပန ရောက်လာတာ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေက ရွတ်ဖတ်သရဇ္ဇာယ်တာနဲ့ တွေကို မြင်တွေ့ရပါတယ်။

သုံးသပ်ချက်

ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုအစိတ်အပိုင်းတခုဖြစ် တာတွေ့ရပါတယ်။ သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

Written By: နေရာမောင်  

Result: False