
အာဆီယံဥက္ကဌနဲ့ တွေ့ဆုံဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်လို့ရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တယ်။
“ထိုင်းမှာ ပွတ်လောရိုက်နေပြီ
စစ်ခေါင်းဆောင် ပစ်ခတ်ခံရ
အာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံရန် ထိုင်းကိုလာတဲ့ တပ်ချုပ်
လုံခြုံရေး တင်းကြပ်တဲ့ ကြားကနေ ပစ်ခတ်ခံရ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖြန့်ဝေတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဧပြီ ၁၇ ရက်က “မလေးရှားဝန်ကြီးချုပ်အန်ဝါ နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်တွင် တွေ့ဆုံ”တဲ့သတင်း၊ လူမှုကွန်ယက်အသုံးပြုသူ တဦးရေးသားထားတဲ့ စစ်ခေါင်းဆောင်နဲ့ ငလျင်ဘေးအတွက် အကြပ်အတည်းအကြောင်း နဲ့ တခြားသော အကြောင်းအရာတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
စစ်ခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို ယခုလအတွင်းမှာ နှစ်ကြိမ်မြောက်သွားရောက်ခြင်းလည်းဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ ပစ်ခတ်လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်ကို လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေမှာလည်းဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
အာဆီယံ ဥက္ကဌနဲ့ တွေ့ဖို့ ဧပြီ ၁၇ ရက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Mandalay Khithit” ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးသတင်းတွေကို အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။
ပြောဆိုချက်- အာဆီယံ ဥက္ကဌနဲ့ တွေ့ဖို့ ဧပြီ ၁၇ ရက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရ

Title:Fact Check: မြန်မာစစ်ခေါင်းဆောင် ထိုင်းမှာ ပစ်ခတ်ခံရဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False