
ဧပြီ ၂၁ရက်က ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုက်ပြိုကျမှု ဗွီဒီယိုမြင်ကွင်းအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုသာဖြစ်တယ်။ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တိုက်တလုံး ပြိုကျမှု ဗွီဒီယိုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“#ထိုင်း/ချင်းမိုင် ငလျင်ထပ်လှုပ် 21/4/2025 အားလုံးသတိထား ပေးကင်းကြပါစေခဗျားး”
အချက်အလက်စိစစ်ချက်
ဧပြီ ၂၁ ရက်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အင်အားအနည်းငယ်ရှိတဲ ငလျင်ငယ် ၄ ခု ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက် အရ ၁ ဒဿမ ၈ ကနေ ၂ ဒဿမ ၄ ကြားမှာရှိတဲ့ ၂ ခု ချင်းမိုင်မြို့အနီးမှာ လှုပ်ခတ်ခဲ့ပါတယ်။ ဒီပမာဏဟာ လူတွေအနေနဲ့ ငလျင်လှုပ်တယ်လို့ သိရှိခံစားနိုင်လောက်တဲ့ အဆင့်မှာရှိမနေသလို အဆောက်အဦး ပြိုကျရ လောက်တဲ့ အထိ ပြင်းထန်တဲ့ ငလျင်အမျိုးအစားမဟုတ်တာတွေ့ရပါတယ်။
ဒီလိုလှုပ်ခတ်ခဲ့တဲ့ ငလျင်အသေးလေးတွေကြောင့် ထိုင်းနိုင်ငံမှာ တိုက်ပြိုကျတယ်ဆိုတဲ့ တရားဝင် ထုတ်ပြန်ချက် မျိုးမရှိဘူးလို့ ထိုင်းအခြေစိုက် Fact Crescendo အချက်အလက်စိစစ်သူက အတည်ပြုပါတယ်။
ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာတော့ ဒီဗွီဒီယိုပါမြင်ကွင်းနဲ့ အလားသဏ္ဌာန်တူ မြင်ကွင်းတချို့ဟာ မတ် ၂၈ ရက်က ထိုင်းနိုင်ငံမှာ အဆောက်အဦးတခု ပြိုကျမှုက မြင်ကွင်းနဲ့ နီးနီးစပ်စပ်တူတာတွေ့ရပါတယ်။ ဧပြီ ၂၁ ရက်က ချင်းမိုင်မှာ ငလျင်လှုပ်အပြီး အဆောက်အဦး ပြိုကျမှု အဖြစ် မြန်မာဘာသာနဲ့ ဖော်ပြထားတဲ့ ဗွီဒီယိုနဲ့ တပုံစံထဲ တူညီတဲ့ ဗွီဒီယို တခုကို ဧပြီ ၂၁ ရက်မှာပဲ ယူကျူ့အသုံးပြုသူတဦးက တင်ထားတာတွေ့ရပြီး ထိုင်းအတွက် ဆုတောင်းပေးပါလို့ ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီဗွီဒီယိုဟာ တကယ်တော့ မတ် ၂၈ ရက်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့ငလျင် နောက်ဆက်တွဲ ထိုင်းနိုင်ငံမှာ ပြိုကျခဲ့တဲ့ အဆောက်အဦးတခုရဲ့ ဗွီဒီယိုဖြစ်ပါတယ်။
မတ် ၂၈ ရက်က လူမှုကွန်ယက်မှာ မျှဝေခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချောက်(Chatuchak)က အထပ်မြင့် အဆောက်အဦး တလုံး ပြိုကျမှုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
မတ် ၂၈ ရက်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပါမြင်ကွင်း(ညာ)နဲ့ ဧပြီ ၂၁ ရက်ဖော်ပြခဲ့တဲ့ အဆောက်အဦးဆိုတဲ့ မြင်ကွင်း(ဘယ်)ကို အောက်မှာ နှိုင်ယှဉ်ပြထားပါတယ်။
သုံးသပ်ချက်
ဗွီဒီယိုဟာ မတ် ၂၈ ရက်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီး ဗဟိုပြုလုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဆောက်အဦး တခုပြိုကျမှုက ဗွီဒီယိုဖြစ်တယ်။ ဧပြီ ၂၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင် ၂ ခု လှုပ်ခတ်ခဲ့တယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပေမဲ့ အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- ဧပြီ ၂၁ရက်က ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုက်ပြိုကျမှု ဗွီဒီယိုမြင်ကွင်း

Title:Fact Check: ချင်းမိုင်မှာ ဧပြီ ၂၁ ရက်မှာ ငလျင်လှုပ်ခတ်အပြီး တိုက်ပြိုကျမှု ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False