သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။
“ည ၇နာရီ ကျော် လွှတ်ပေးနေပြီ
သမ္မတ ဦးဝင်းမြင့် နေအိမ်ပြန်ပို့ပြီ
အမေစု သတင်းထူးပါလာပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
ဗွီဒီယိုအစမှာ ပြသတဲ့ရုပ်ကပ်မှာ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီလို့ပြောဆိုထားပေမဲ့ တကယ်တမ်း ဖော်ပြထားတဲ့ အကြောင်းအရာကတော့ Radio NUG ကဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး မဲလ်ဘုန်းမြို့မှာမြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်မည်” ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့ အကြောင်း မပါဝင်ပါဘူး။
၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “နောက်ဆုံး ညှစ်အား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါနဲ့ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့“ဒီးမော့ဆိုမြို့ပေါ်မှာ တိုက်ပွဲဆက်ဖြစ်”စတဲ့အကြောင်းအရာကို ပြန်လည်ဖော်ပြထားတယ်။
ဗွီဒီယိုတပုဒ်လုံးမှာလည်း သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းမပါဝင်ပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခု ဖြစ်တယ်။ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ ဩစတေးလျနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး ဆန္ဒပြပွဲကျင်းမယ်ဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိထားခြင်းဖြစ်တယ်။
ပြောဆိုချက်- သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာ

Title:Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False