ဧပြီ ၂၀ ရက်က ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြီး ဂျပန်နိုင်ငံ ဆန်ရီကူ(Sanriku)ဒေသမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဂျပန်မှာ ဧပြီ ၂၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မြင်ကွင်းတွေဆိုပြီး ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ ဒါပေမဲ့ တချို့ ဗွီဒီယိုတွေဟာ လတ်တလော အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ ကျေးလက်လမ်းမတခုပေါ်က ကင်မရာမှတ်တမ်းဗွီဒီယိုထဲမှာ အမျိုးသမီးတယောက်ဟာ ကြောက်လန့်အော်ဟစ်နေပြီး ကင်မရာမြင်ကွင်းထဲမှာ မြေပြင်နဲ့ မြင်ကွင်းဟာ ယိမ်းထိုးနေတာတွေ့ရတယ်။
“ဧပြီ ၂၀ ရက်နေ့ ဂျပန်အရှေ့မြောက်ပိုင်းကို ၇.၅ မဂ္ဂနီကျုဒ် ပြင်းထန်သော ငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမိအရေးပေါ်သတိပေးချက်များ ထုတ်ပြန်”

နောက်ထပ် ဗွီဒီယိုတခုမှာတော့ အထပ်မြင့်အဆောက်အအုံး တခု ယိမ်းထိုးလှုပ်ရှားနေတာကို လမ်းဘေး စောင့်ကြည့်ကင်မရာက မှတ်တမ်းတင်ထားတာတွေ့ရတယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး အမျိုးသမီးတဦး အော်ဟစ်သံနဲ့ ဗွီဒီယိုကို Google မှာ ပုံရှာနည်း အသုံးပြုရှာကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၄ ခုနစ် ဇန်နဝါရီကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်န်ဝါရီ ၁၁ ရက်က MBS NEWS ယူကျူ့ချန်နယ်မှာ ဖော်ပြချက်အရ ဒီဗွီဒီယိုဟာ နိုတိုကျွန်းဆွယ်ငလျင်လှုပ်ခတ်စဉ်က အီရှီကာဝါစီရင်စု၊ အနာမီဇူး(Anamizu)မြို့ က မြင်ကွင်းတခုဖြစ်တာတွေ့ရတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
ဧပြီ ၂၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်လိုပဲ အင်အား ၇ ဒဿမ ၅ ရစ်တာစကေးရှိတဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ နိုတိုကျွန်းဆွယ်ငလျင်ဟာလည်း ဒီဒေသမှာ ၁၈၈၅ ခုနှစ်နောက်ပိုင်းမှာ အပြင်အထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးဌာန(NASA)က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် အာအိုမိုရီငလျင်(2025 Aomori earthquake)ကာလမှာလည်း ဒီဗွီဒီယိုဟာ မှားယွင်းတဲ့ ပြောဆိုမှုနဲ့ ပျံ့နှံ့ခဲ့ဘူးပါတယ်။
ဒုတိယ ဗွီဒီယိုဖြစ်တဲ့ အထပ်မြင့်အဆောက်အအုံး တခု ယိမ်းထိုးလှုပ်ရှားနေတာကို လမ်းဘေး စောင့်ကြည့် ကင်မရာ မှတ်တမ်း ဗွီဒီယိုကိုလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာ တွေ့ရတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။
သုံးသပ်ချက်
ဧပြီ ၂၀ ရက်က ဂျပန်မှာ ပြင်းအား ၇ ဒဿမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တာ မှန်ကန်ပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ ဗွီဒီယိုတွေဟာ ပြီးခဲ့တဲ့ ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေက ဗွီဒီယိုတွေဟောင်းတွေ ဖြစ်တာတွေ့ရပြီး လက်တလော လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

