Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

False နိုင်ငံရေး | Politics

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီး‌နောက်မှာ စစ်တပ်က ဝေဖန်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီမင်းသားမင်းသမီးတွေဟာ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက နာမည်နဲ့တကွ သရုပ်ဆောင်ဖို့ အမိန့်ပေးလို့ လုပ်ရတယ်လို့ ဆိုပြီး အမိန့်စာတခု ပျံ့နှံ့လာခဲ့ပါတယ်။တကယ်တော့ အတုပြုလုပ်ချက်ဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“မင်တို့ ဗမာတိုင်းရင်သားတစု နေတိုးခြူးလေးတိုကိုပြောချင်ရင် ဒီစာကိုဖတ်ပြီးမှပြောပါ”ဆိုပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာကို “Aung Thein”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

Original link | Archive link

တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

အချက်အလက်စိစစ်ချက်

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ဗွီဒီယိုမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြား ဝေဖန်မှုပြင်းထန်လာချိန်မှာပဲ စစ်တပ်က ဝေဖန်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒီလိုပဲ စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က နောက်ထပ် အနုပညာရှင်တွေလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပူးပေါင်းပါဝင်ဖို့နဲ့  မပါဝင်ပါက အရေးယူခံရမယ်လို့ ခြိမ်းခြောက်ခဲ့သလို အနုပညာရှင်တွေ ပြည်ပထွက်ခွင့်ကိုလည်း ကန့်သတ်ခဲ့ပါတယ်။

ဒါပေမဲ့ လူမှုကွန်ယက်မှာ ဖြန့်ဝေထားတဲ့ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ဒီဗွီဒီယိုကို ဖန်တီးဖို့ သရုပ်ဆောင်တွေကို နာမည်တပ်ခေါ်ခဲ့တယ်ဆိုတဲ့ ညွှန်ကြားချက်စာဟာ အတုအယောင်ဖြစ်တာတွေ့ရပါတယ်။ အဓိကအားဖြင့် အမိန့်စာထဲပါတဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ”ဟာ လွန်ခဲ့တဲ့ ၃ လကဖျက်သိမ်းခဲ့ပြီး ဖြစ်တယ်။ ဒီလိုပဲ ဝန်ကြီးတယောက်ရဲ့ ညွှန်ကြားချက်ကို ထုတ်ပြန်ရာမှာ စာအမှတ် မပါဝင်တာတွေ့ရပါတယ်။ ဒီအချက်ကို လူမှုကွန်ယက်အသုံးပြုသူတချို့က ထောက်ပြ ပြောဆိုပါတယ်။ 

ဒီအပြင် ဒီအမိန့် ညွှန်ကြားချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ အတည်ပြု ဖော်ပြချက် မတွေ့ရပါဘူး။

သုံးသပ်ချက်

စစ်တပ်ဟာ ၄င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝေဖန်သူတွေကို တက်တက်ကြွဖမ်းဆီး အရေးယူသလို ရွေးကောက်ပွဲကို ထောက်ခံဖို့အတွက် အနုပညာရှင်တွေကိုလည်း ပြင်းပြင်းထန်ထန် ဖိအားပေးနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲ ဝါဒဖြန့် ဗွီဒီယိုနဲ့ ပတ်သက်ပြီး ဗွီဒီယိုရိုက်ကူးဖို့အတွက် နာမည်တပ် ညွှန်ကြားခဲ့တဲ့စာဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အထောက်အထားမရှိသလို ရုံးစာအသုံးအနှုန်းနဲ့လည်း ကင်းကွာတာကြောင့် အတုအယောင်ဖြန့်ဝေမှု သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ပြောဆိုချက်- စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲ ဝါဒဖြန့်ဗွီဒီယိုရိုက်ဖို့ အမည်တပ်ပြီး ခေါ်ခဲ့

Avatar

Title:Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *