တန်ဆောင်မုန်းလပြည့်နေက ဘုရားဖူးနေတဲ့ စစ်ခေါင်းဆောင်နဲ့ ဇနီး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၎င်းတို့အပါအဝင် ပြည်သူတွေလည်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“လပြည်နေ့ ပျော်ပါးနေတဲ့ မအလနဲ့ကြုကြူအပါဝင်
ပြည်သူ(၁၀၀)ကျော်ဒရုန်းဗုံးကြဲချခံရလို့သေဆုံး”

အချက်အလက်စိစစ်ချက်
“TBR RECAPS”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။
အခုလည်း ဗွီဒီယိုထဲမှာ အဓိအားဖြင့် တန်ဆောင်မုန်းလပြည့်နေမှာ နိုင်ငံရဲ့ အေးချမ်းတဲ့ နေရာအနှံ့အပြားမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်ဟာ နေပြည်တော်က မာရဝိဇယ ဘုရားပေါ်မှာ ဆီးမီထွန်းပွဲကို တက်ရောက်ခဲ့ကြောင်း၊ ဒီဘုရားမှာပဲ လူစီကားအောင် ကျောင်းသား ကျောင်းသူတွေနဲ့ လက်အောက်ခံ ဝန်ထမ်းတွေကိုလည်း အခမဲ့ သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေနဲ့ ဘုရားဖူးစေကြောင်း၊ မာရဝိဇယဘုရားနဲ့ စစ်ခေါင်းဆောင်အကြောင်းကိုသာ ပြောဆိုထားတာတွေ့ရပါတယ်။
ဒီလိုပဲ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ “ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဘက်အခြမ်းတွင် ထိုင်မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်နိုင်မှု ကို ဒရုန်းများ ဖြင့် စစ်ဆေး၊ ကျားဖြန့်ရာဇဝတ်မှုများတွင် ထိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်ခြေရှိ၊ မရှိဆန်းစစ်”၊ “ချောင်းဦးမြို့ အဝင် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
နောက်ထပ်ဗွီဒီယိုဖြစ်တဲ့ “The Daily Lens”ကဖော်ပြခဲ့တဲ့ ဗွီဒီယိုမှာတော့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ ကထိန်အလှူနဲ့ပတ်သက်တဲ့ တရားတပုဒ်ပါအကြောင်းအရာ တချို့ကို ပြန်လည်ဖြန့်ချိပြီး လိုအပ်လို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိထားတယ်။
သုံးသပ်ချက်
ယူကျူ့ချန်နယ်တွေက ဖြန့်ဝေထားတဲ့ စစ်တပ်ခေါင်းဆောင် တန်ဆောင်မုန်းလပြည့်နေမှာ တိုက်ခိုက်ခံရပြီး သေဆုံးတဲ့အကြောင်းအရာဟာ သတင်းတုသာဖြစ်တယ်။ နိုင်ငံရဲ့ နေရာတချို့မှာ တန်ဆောင်မုန်းလပြည့်မှာ တိုက်ပွဲတချို့ရှိခဲ့ပေမဲ့ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်ရာ မြို့ကြီးတချို့မှာ ပစ်ခတ်တိုက်ခိုက်မှုမရှိပါဘူး။
ပြောဆိုချက်- တန်ဆောင်းမုန်းလပြည့်နေ့ ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံး
Title:Fact Check: ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

