Fact Check: အီရန်ခေါင်းဆောင် ခါမေနီ ပြည်ပကို ထွက်ပြေးသွားပြီလား- အထောက်အထားမရှိပါ

Missing Context နိုင်ငံတကာ၊ | International

သီတင်းပတ် ၂ ပတ်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့ အီရန် လူထုအုံကြွမှုမှာ လူအများအပြား သေဆုံးခဲ့ရ ပြီးနောက် အီရန်ရဲ့ သက်တော်ရှည် အာဏာရှင် ခါမေနီ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပြီဆိုတဲ့ ပြောဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မဟုတ်ဘဲ ကောလာဟလ ဖြန့်ဝေမှုတွေသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပျံ့နှံ့လာတဲ့ ဒီတူညီတဲ့ ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း တွေ့ရတယ်။ 

“အီရန် အီစလမ်မစ် ခေါင်းဆောင် အီရန်ကနေ ထွက်ပြေးသွားပြီဟုသိရ”

Original link | Archive link

အချက်အလက်စိစစ်ချက်

အီရန်နိုင်ငံသုံးငွေကြေးဟာ ရုတ်တရက် တန်ဖိုးကျဆင်းသွားပြီးနောက် ဒီဇင်ဘာ ၂၈ ရက်မှာ အီရန်မြို့တော် တီဟီရန်က နေရာတချို့မှာ ဆန္ဒပြမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၆ နှစ်သစ်မှာတော့ ဆန္ဒပြမှုတွေဟာ တဖြေးဖြေးနဲ့ မြို့အများအပြားကို ဆက်လက်ကူးစက်လာပြီး အီရန်အစိုးရကလည်း ပစတ်ခတ်နှိမ်နှင်းမှုတွေ စတင်လုပ်ဆောင်လာခဲ့ရာမှာ အနည်းဆုံး ၂၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို ကိုးကားပြီး သတင်းဌာနကတွေက ရေးသားပါတယ်။ အီရန်က ပြည်နယ်ပေါင်း ၃၁ ခု၊  မြို့ပေါင်း ၁၈၀ ကျော်မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး သီတင်း ၂ ပတ်ကျော်သွားပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာတွေ့ရတယ်။ (BBC သတင်း‌ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ)

ဆန္ဒပြသူတွေကို မထိန်းသိမ်းနိုင်တော့ဘူးဆိုရင် အီရန် ခေါင်းဆောင် ခါမေနီဟာ ရုရှားကို ထွက်ပြေးဖို့ အစီအစဉ်ရှိတယ်လို့ ဆန္ဒပြမှုတွေ အပြင်းအထန်ဆုံးအချိန်ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်မှာပဲ ၎င်းတို့ရရှိခဲ့တဲ့ ထောက်လှမ်းရေးအစီရင်ခံစာတခုကို ကိုးကားပြီး The Times သတင်းဌာနကဖော်ပြခဲ့တာတွေ့ရတယ်။

ဒီသတင်းထွက်ပေါ်အပြီး ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက်မှာ ဆန္ဒပြမှုတွေကို ပြစ်တင်ဝေဖန်ပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော့မှာ မဟုတ်ဘူးလို့ နိုင်ငံပိုင် သတင်းဌာနကနေ ခါမေနီက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အီရန် တနိုင်ငံလုံးကိုလည်း အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။

ခါမေနီ ထွက်ပြေးသွားပြီဆိုတဲ့ ဒီသတင်းကို ဇန်နဝါရီ ၁၂ ရက်ကတည်းက  မြန်မာဘာသာအသုံးပြုသူတွေအကြား စတင်ပျံ့နှံ့လာခဲ့ပေမဲ့ တကယ်တော့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ အချက်အလက်စိစစ်ချက် ရေးသားတဲ့ ဇန်နဝါရီ ၁၄ ရက်အထိ တစုံတရာဖော်ပြချက် မတွေ့ရပါဘူး။

သုံးသပ်ချက်

ခါမေနီ ထွက်ပြေးသွားပြီဆိုတဲ့ ဒီသတင်းဟာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မဟုတ်တာတွေ့ရပါတယ်။ လက်ရှိအချိန်အထိ အီရန် ခေါင်းဆောင် ခါမေနီ နိုင်ငံအတွင်းက ထွက်ပြေးတဲ့ အထောက်အထား မတွေ့ရပါဘူး။

Avatar

Title:Fact Check: အီရန်ခေါင်းဆောင် ခါမေနီ ပြည်ပကို ထွက်ပြေးသွားပြီလား- အထောက်အထားမရှိပါ

Fact Check By: နေရာမောင်  

Result: Missing Context