
စက်တင်ဘာမှာ ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ အားဖြည့်ကူညီမည်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ် သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပြောတယ် လို့လည်းရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း ငြိမ်းချမ်း လုလင်)ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။
“လုံးဝအမှားကြီးပါ။ လုပ်ကြံထားတာကြီးပါ။ အဲဒါလုပ်ကြံထားတာပါ။ သက်သက်ရွေးကောက်ပွဲအတွက် တမင်ကို လုပ်တာ။ ဦးဝိရသူရဲ့ ဝရမ်းပြေတစ်နှစ်ပြည့် မိန့်ခွန်းကြည့်လိုက်ရလားမသိဘူး။ ဇာတ်လမ်းက အဲဒီက စတာပဲ။ အဲဒီမှာ သူက OIC က ပိုက်ဆံတွေပေါ့ ဒေါက်တာစိန်ဝင်းကို ပေးလိုက်တယ်။ အဲဒါကို ဒေါက်တာစိန်ဝင်း ကနေပြီးတော့ အဲဒါကို ဘန်ကောက်ကို ယူလာတယ်။ ယူလာပြီးတော့ အဲဒီတုန်းက ဦးဌေးအောင်နဲ့ NLD က အဆင်ပြေတယ်။ အဲတော့ ဦးဌေးအောင်က အဲဒီငွေတွေကို ဒေါ်စုလက်ထဲအပ်လိုက်တယ်။ ဒီဟာက ပထမ ဦးဝိရသူပြောတာ။ နောက် ၁ ရက် ၂ ရက်လောက်ကြာတော့ နောက်တစ်ယောက်ကနေပြီးတော့ ဒါသူတို့ အစီအစဉ်ကျထားတာပါ ဒေါ်စုက ဒီငွေတွေရတဲ့အတွက် ဒီလွှတ်တော်မှာ မွတ်ဆလင်တွေကို သွင်းတော့မယ်။ ဒီငွေတွေရတဲ့အတွက်။ တမင်ကို တီးတာပါ ဒီဟာက။ မွတ်ဆလင်မဝင်ရေး NLD ဖြိုဖျက်ရေးပါ”လို့ ဒေါက်တာ မြင့်သိန်းက ပြောပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်အရ စက်တင်ဘာမှာ ကျင်းပမယ့် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံသား မွတ်စလင် များ ပြည်လုံးကျွတ်ညီလာခံကို ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ် သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောတဲ့ သတင်းကို သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီကူညီမယ်လို့ ပြောကြား ဆိုပြီးသတင်းတုဖြန့်ဝေ
Fact Check By: Nayar MaungResult: False