Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

False လူမှုရေး

ဧပြီ ၁ ရက်က စပြီး မော်တော်ယာဉ်တွေ စုံရက် မရက် ကန့်သတ်ချက်နဲ့ အပြင်ထွက်ခွင့် ဖျက်သိမ်းလိုက်သလိ ကားနံပါတ်နဲ့ နေ့အလိုက် သတ်မှတ်ချက်ရောင်းချမှာကြောင့် ယာဉ်တစီးဟာ ၅ ရက်တခါပဲ ဆီဆိုင်တွေမှာ ဆီဖြည့်နိုင်တော့မယ် ဆိုပြီးတော့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနောတွေ့ရတယ်။ ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟 သို့သော် ဓာတ်ဆီဖြည့်တင်းရာတွင်တော့ ကန့်သတ်ချက်အသစ် ရှိလာပါမည်။ 🚨 သတိပြုရန်အချက်- ဓာတ်ဆီကိုမူ ကား၏ အင်ဂျင်ပါဝါ (Engine Power) ပေါ်မူတည်၍ ၅ ရက်ခြား တစ်ကြိမ် သာ ဖြည့်တင်းခွင့်ပြုမည်ဟု သတ်မှတ်ထားပါသည်။”

Original link | Archive link

မတ်လ တတိယပတ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ နောက်ထပ် ပျံ့နှံ့မှုတခုကတော့ ယာဉ်တွေကို ယာဉ်နံပါတ်အလိုက် ဆီထည့်ရမယ့် တန်းစီဇယားအဖြစ်ဖော်ပြချက်ပဲဖြစ်ပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဒီအကြောင်းအရာ ၂ ခုစလုံး ဖော်ပြချက် မတွေ့ရပါဘူး။ ကိုယ်ပိုင်ကားတွေကို စုံ/မ ခွဲပြီးမောင်းခိုင်းတဲ့ စနစ်နဲ့ ပတ်သက်ပြီး ဒီစနစ်ကို စတင်ကြေညာစဉ်ကတည်းက ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ စနစ်တခုအဖြစ်  ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။  

ကိုယ်ပိုင်ယာဉ်တွေကို ယာဉ်နံပါတ်အလိုက် စုံ/မ ခွဲခြားမောင်းခိုင်းတဲ့ စနစ်ဟာ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ‌ကောင်စီရဲ အမိန့်ထုတ်ကြေညာချက်ဖြစ်ပြီး မတ် ၃၁ ရက်အထိ အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာထားတာ မတွေ့ရပါဘူး။ အာဏာသိမ်းစစ်တပ်က လွှဲပြောင်းလိုက်တဲ့ အစိုးရသစ်အဖွဲ့ ဟာ ဧပြီ ၁ ရက်မှသာ စတင်မှာဖြစ်လို့ ဧပြီ ၁ ရက်မှာ စုံ/မ စနစ်သတ်မှတ်မောင်းနှင်မှု ဖျက်သိမ်းကြေညာမယ်ဆိုတာဟာလည်း ဖြစ်နိုင်ခြေမရှိပါဘူး။ 

စစ်ကောင်စီရဲ့ လက်ရှိတည်မြဲနေတဲ့ စုံ/မ စနစ်သတ်မှတ်တဲ့ အမိန့်ညွှန်ကြားချက်ကို အောက်မှာကြည့်ပါ။

ဧပြီ ၁ ရက်မှာပဲ စတင်မယ်လို့ ပျံ့နှံ့နေတဲ့ ယာဉ်နံပါတ်ရဲ့ အက္ခရာစဉ်အလိုက် ဆီဖြည့်ခွင့် ဇယားဆိုတာဟာလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတခုခုကနေဖြစ်စေ၊ အစိုးရအဖွဲ့အစည်းတခုခုကဖြစ်စေ ထုတ်ပြန် ကြေညာထားတာ မတွေ့ရပါဘူး။ မတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ယခုလက်ရှိ ကျင့်သုံးနေတဲ့ ယာဉ်တစီးရဲ့ စက်စွမ်းအားအလိုက် တပတ်အတွင်း ဝယ်ယူနိုင်မည့် ဆီပမာဏနဲ့ အကြိမ်အရေအတွက် သတ်မှတ်ချက်ဖြစ် ပါတယ်။ ဒီစနစ်အရ ယာဉ်တစီးဟာ စက်သုံးဆီဆိုင်တွေမှာ တပတ်အတွင်း ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်အထိ ဝယ်ယူခွင့်ရမှာဖြစ်တယ်။ 

သုံးသပ်ချက်

ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းလိုက်ပြီး မော်တော်ယာဉ်တွေအနေနဲ့  နံပါတ်အလိုက် ၅ ရက်တခါပဲ ဆီဖြည့်နိုင်မယ်ဆိုတဲ့ ပြောဆိုချက် ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ ဝေဖန်မှုများတဲ့ ယာဉ်အပြင်ထွက်ခွင့် ထိန်းချုပ်မှုစနစ်ကို မူလအတည်ပြုကြေညာခဲ့တဲ့ ကာ/လုံ က ပြန်လည် ပယ်ဖျက်ကြောင်း ကြေညာချက်မရှိသေးသလို ၅ ရက်တခါသာ ဆီဝယ်ယူခွင့်ဆိုတာလည်း ယုံကြည်ရလောက်တဲ့ အထောက်အထားတစုံတရာမရှိပါဘူး။

Result Stamp

Title: Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *