TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှုသတင်းဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြောဆိုမျှဝေမှုများပြားခဲ့ပြီး ဒီအထဲမှာ ပေါက်ကွဲမှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတခုလည်းပါဝင်တယ်။ ဒါပေမဲ့ အဲ့ဒီဗွီဒီယိုဟာ မော်လ်တာ(Malta)နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုဆိုတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မူလမျှဝေမှုကို ဒီနေရာမှာတွေ့ရတယ်။
“”31/5/2026. နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှု” နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး”

အချက်အလက်စိစစ်ချက်
အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗွီဒီယိုတစ်ခုပါဝင်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။ ဒီဗွီဒီယိုပါ မြင်ကွင်းတွေကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှာ မော်လ်တာနိုင်ငံ မက်ခ်တာ(Maghtab)ဒေသမှာ မီးရှူးမီးပန်းစက်ရုံကို ပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။ အောက်မှာဖော်ပြထားတာကတော့ ပြင်သစ်သတင်းဌာနတခုဖြစ်တဲ့ France24 ကဖော်ပြထားတဲ့ ဗွီဒီယိုမြင်ကွင်း စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တခြားသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့ရတယ်။
“မော်လ်တာနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ရုံတွင် တနင်္လာနေ့က အင်အားပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ မီးခိုးများနှင့် အပျက်အစီးများစွာ လေထဲသို့ လွင့်စင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ပထမပေါက်ကွဲမှုသည် နံနက် ၆:၃၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယပေါက်ကွဲမှုမှာ အင်အားပြင်းထန်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုများ ဖြစ်ပွားချိန်တွင် စက်ရုံတွင် အလုပ်သမားများ မရှိခဲ့ပါ။”

သုံးသပ်ချက်
ဗွီဒီယိုဟာ ဥရောပ နိုင်ငံတနိုင်ငံဖြစ်တဲ့ မော်လ်တာနိုင်ငံမှာလည်း မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုနဲ့ သက်ဆိုင်ပြီး မြန်မာနိုင်ငံက TNLA ထိန်းချုပ်ဒေသ ယမ်းသိုလှောင်နေရာ ပေါက်ကွဲမှုနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မှားယွင်းမျှဝေနေခြင်းဖြစ်တာတွေ့ရတယ်။

