စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။
ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“စစ်တွေမြို့ ကျသွားပြီ ရခိုင်ဝန်ကြီးချုပ် အရှင်ဖမ်းမိ ၊ AAကတော့ ကြမ်းနေပြီ ၊ စစ်ခွေး (၅ဝဝ) ဖမ်းဆီး ၊ မအလ မျက်ခုံးလှုပ်နေပြီ”

အချက်အလက်စိစစ်ချက်
ရခိုင်ပြည်နယ် နေရာအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တွေမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားတာ တနှစ်ဝန်းကျင်ရှိပြီဖြစ်တယ်။ ဒါပေမဲ့ စစ်တွေမြို့စောင့်တပ်လို့ ခေါ်နိုင်တဲ့ စစ်တွေမြို့နဲ့ တမိုင်အကွာအထိ AA ဒီလအစပိုင်းမှာ စစ်ရေးအရှိန်မြှင့်လာခဲ့ပြီး တိုက်ပွဲအရှိန်လည်း မြင့်တက်လာနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ)
စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့် ရခိုင်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ အရှင်ဖမ်းမိတယ်လို့ အထက်မှာ စခရင့်ရှော့ဓာတ်ပုံပါ ဖော်ပြချက်သတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်တင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားသလို လုပ်ကြံရေးသား ပြောဆိုမှု တွေနဲ့ သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတဲ့နေရာဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတာတွေကတော့ Breaking Brainwashed Myanmar အမည်နဲ့ ယူကျူ့ချန်နယ်မှာ စစ်တပ်အရာရှိဘဝကနေ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားနေသူ ဗိုလ်ကြီး ထက်မြက်ရဲ့ သတင်းသုံးသပ်ချက် ဗွီဒီယိုဟောင်းတခုကို ပြန်လည်ဖော်ပြနေတာတွေ့ရတယ်။
သုံးသပ်ချက်
စစ်တွေမြို့ကို AA သိမ်းပိုက်လိုက်ပြီး စစ်တပ်ခန့်ဝန်ကြီးချုပ်နဲ့ စစ်သား ၅၀၀ ဝန်းကျင်ဖမ်းဆီးရမိခဲ့တယ်ဆိုတာ သတင်းတုဖြစ်တယ်။ စိတ်ဝင်စားဖွယ် သို့မဟုတ် လှုံ့ဆော်ရေးသားထားပြီး ဗွီဒီယိုကို ဖွင့်ကြည့်များအောင် ဆောင်ရွက်ထားတဲ့ ကလစ်ဗိုက်(clickbaits)အမျိုးအစားသာဖြစ်တယ်။ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် တစုံတရာမရှိပါဘူး။

