Fact Check: အင်အားပြင်း ငလျင် နေပြည်တော်မှာ လှုပ်ပြီး ရန်ကုန်မှာ အဆောက်အဦး တွေ ပြိုကျ လူသေဆုံးတာဟာ သတင်းတုတွေဖြစ်တယ်

False လူမှုရေး

ပြင်းအား ၈ ဒဿမ ၁ နဲ့ ငလျင် နေပြည်တော်မှာ လှုပ်ပြီး စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဗွီဒီယိုတခုက ဆိုထားပြီး နောက်ထပ် ဗွီဒီယိုတခုမှာတော့ ရန်ကုန်မှာ အဆောက်အဦးတွေ ပြိုကျကာ လူထိခိုက်သေဆုံးခဲ့တယ်ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းမှား တခုသာဖြစ်တယ်။

မေ ၁၈ ရက် မနက်ပိုင်းက ရန်ကုန်အနီးမှာ အင်အား ၅ ဒဿမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ပြီး ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မှာ သိသိသာသာခံစားခဲ့ရပေမဲ့ ပျက်စီးသေဆုံးမှု တစုံတရာမရှိခဲ့ တာတွေ့ရတယ်။

ယူကျူ့ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ပြင်းအား (၈.၁)နဲ့ နေပြည်တော်မှာ ငလျင်လှုပ် မင်းအောင်လှိုင် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သတင်းထွက် ၊ အသက်လုနေရပြီ”

Original link | Archive link 

နောက်ထပ် ဖြန့်ဝေမှုတခုမှာတော့ ရန်ကုန်မှာ အင်အား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးခဲ့ တယ်လို့ ဆိုထားတယ်။  ငလျင်ကြောင့် ရန်ကုန်မှာ ဝန်ကြီးရုံးပြိုကျပြီး အရာရှိ ၆ ဦးသေဆုံးတယ်လို့လည်း ရေးသားထားတယ်။

 “ရန်ကုန် ငလျင် ၆.၈ ပြင်းအား လှုပ်နေ 

ရန်ကုန် ဝန်ကြီးရုံး ပြိုကျ အရာရှိ ၆ ဦးသေဆုံး 

ရန်ကုန် ဝန်ကြီး အသစ် သေဆုံးပြီး ဗိုလ်ချုပ် ၂ ဦးပါဝင်”

Original link | Archive link 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ပြင်းအား ၈ ဒဿမ ၁ နဲ့ နေပြည်တော်မှာ ငလျင်လှုပ်လို့ စစ်ခေါင်းဆောင် ဟောင်း မင်းအောင်လှိုင် ထိခိုက်ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဆိုထားပြီး အသံဖိုင်နဲ့ ဖတ်ကြားမှုမှာတော့ ငလျင်ကြောင့် ထိခိုက်မှုအကြောင်း ဗွီဒီယိုဖြန့်ချိထားတဲ့ “Yangon Khit Thit” က ဆိုထားတယ်။ 

နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အဖွဲ့ဝင်တွေ စစ်ရုံးထဲမှာ အစည်းအဝေးလုပ်နေစဉ် ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံ အမိုး၊ နံရံတချို့ ပြိုကျပျက်စီးကာ ၎င်းတို့အပေါ် တိုက်ရိုက်ပိမိလို့ စစ်ခေါင်းဆောင် အပါအဝင် အများအပြား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုများ ရှိခဲ့သလို  နောက်ဆက်တွဲ ငလျင်များ (Aftershocks) ထပ်မံ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ အရေးပေါ်အခြေအနေ အတွက် အထူးဂရုပြု ပြင်ဆင်ထားရန်၊ အရေးကြီးစာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ပုံမှန်သောက်ဆေးများနှင့် သောက်ရေ၊ ဓာတ်မီး စတာတွေ ဆောင်ထားဖို့လည်း သတိပေးထားတယ်။

ဒါပေမဲ့ ပြင်းအား ၈ ဒဿမ ၁ နဲ့ ငလျင် နေပြည်တော်မှာ လှုပ်ခဲ့မှုကို မြန်မာနိုင်ငံအခြေစိုက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအပါအဝင် တခြားသော နိုင်ငံတကာ ဘူမိဗေဒတိုင်းထွာရေးဌာနတွေကလည်း ထုတ်ပြန်ချက်မရှိပါဘူး။ 

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးမှာ လှုပ်ခတ်ခဲ့တဲ့  ပြင်းအား ၇ ဒဿမ ၉ ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးခဲ့ပြီး အိုး၊ အိမ်နဲ့ အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေ ၁၈ ရက် မနက် ၈ နာရီ ၃၅ မိနစ်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် တောင်ဘက် ၉ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား  ၅ ဒဿမ ၂ အဆင့်တဲ့ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုရှိခဲ့တယ်ဆိုပြီး ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် အထောက်အထားမရှိပါဘူး။ 

သုံးသပ်ချက်

နေပြည်တော်မှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်သွားတဲ့ အထောက်အထားတစုံတရာမရှိပါဘူး။ မေ ၁၈ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း ကျောက်တန်းမြို့ အနီးဝန်းကျင်ကို ဗဟိုပြုပြီး အင်အား ၅ ဒဿမ ၂ ဝန်းကျင်နဲ့ အင်အားအသင့်အတင့် ငလျင်တခု လှုပ်ရှားသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု တစုံတရာ အထောက်အထား မတွေ့ရပါဘူး။  ဒီအတွက် ငလျင်ကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုဆိုတာဖြစ်စေ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတာဖြစ်စေ သတင်းတုသာဖြစ်တယ်။

Result Stamp

Title: Fact Check: အင်အားပြင်း ငလျင် နေပြည်တော်မှာ လှုပ်ပြီး ရန်ကုန်မှာ အဆောက်အဦး တွေ ပြိုကျ လူသေဆုံးတာဟာ သတင်းတုတွေဖြစ်တယ်

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *