Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

Partly False နိုင်ငံတကာ၊ | International

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ကင်ဂျုံအန်းလာရောက်စဉ်မှာ ရှီကျင့်ဖျင်လေဆိပ် ဆင်းကြိုတာမရှိခဲ့ပါဘူး။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ပြောဆိုမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ 

“မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လာလည်တုန်းက မိသားစုလိုက် လေဆိပ်အထိ ဖက်လှဲတကင်း လာကြိုခဲ့တဲ့ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အလည်လာတဲ့ အခါမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ကိုသာ ဧည့်ခံ ကြိုဆိုဖို့ လေဆိပ်ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။ 

နိုင်ငံတော်အဆင့် ခေါင်းဆောင်တစ်ဦး လာရောက်မှုကို အိမ်ရှင်နိုင်ငံရဲ့ အကြီးအကဲ ကိုယ်တိုင် လာမကြိုတာဟာ သံတမန်ရေးရာအရ အဆင့်လျှော့ချ ဆက်ဆံခြင်း (Snub) လို့ ယူဆလို့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံက အမေရိကန်အပေါ် ထားရှိတဲ့ သဘောထားကို ပြသရာရောက်ပါတယ်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

တရုတ်သမ္မတရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ လေဆိပ်မှာ မျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ၂၀၁၉ ခုနှစ်အတွင်း တရုတ်သမ္မတ မြောက်ကိုရီးယားကို သွားရောက်စဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကိုယ်တိုင်လာကြိုခဲ့တဲ့ ဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရတယ်။ အဲဒီအချိန်က ဘီဘီစီသတင်းဌာနက သတင်းတပုဒ်မှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံကို အောက်မှာကြည့်ပါ။  တရုတ်အစိုးပိုင်သတင်းဌာနတခုဖြစ်တဲ့ ဆင်ဟွာကလည်း အဲဒီအချိန်က ကင်ဂျုံအန်းကိုယ်တိုင်လာကြိုတာကို သတင်း‌ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ၂၀၁၈ ခုနှစ်မှာ တရုတ်ကို ပထမဆုံးအကြိမ် ရထားနဲ့ နယ်စပ်ဖြတ်ကျော် သွားရောက်လည်ပတ်ခဲ့ပြီး အဲအချိန်က တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအဖွဲ့ဝင်တဦးဖြစ်တဲ့ ဝမ်ဟူနင်း(Wang Huning)က ဘေဂျင်း မီးရထားဘူတာရုံတခုမှာ လာကြိုခဲ့တာတွေ့ရပြီး ၂၀၂၅ ခုနှစ် လာရောက်စဉ်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi)က သွားကြိုခဲ့တာတွေ့ရတယ်။

ဒီလိုပဲ သမ္မတရှီဟာ သမ္မတထရမ့်ကို လေဆိပ်မှာ လာမကြိုတာက တရုတ်အနေနဲ့ ၄င်းတို့ချမှတ်ထားတဲ့ သံတမန်လုပ်ထုံးလုပ်နည်းတွေ အတိုင်းလိုက်နာတာသာဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင် တယောက်ယောက်ကို သမ္မတကိုယ်တိုင် လေယာဉ်ပြေးလမ်းမှာ လာကြိုတာ ခွင့်မပြုတာ တွေ့ရတယ်လို့ အိန္ဒိယအခြေစိုက် The Hindustan Times ကရေးသားတယ်။

သုံးသပ်ချက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်ဆိုခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ဟာ အထောက်အထားမရှိပါဘူး။ ဓာတ်ပုံဟာ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားရောက်စဉ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် လေဆိပ်မှာ လာကြိုတဲ့ ဓာတ်ပုံသာဖြစ်တယ်။

Result Stamp

Title: Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

Written By: နေရာမောင်

Result: False