ရန်ကုန်မြို့တော်ဝန်နှင့်မိသားစုကို အဂတိကော်မရှင်ကစစ်ဆေးနေဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ မိသားစုဝင်တွေကို အဂတိလိုက်စားမှုတိုက်ဖျတ်ရေးကော်မရှင်က စစ်ဆေးနေပြီး ဦးမောင်မောင်စိုးရဲ့ သားနဲ့သမီးတို့အကြောင်းတိုင်ကြားစာအမြောက်အများရရှိထားကာ ပြီးခဲ့တဲ့ ၄ နှစ်အတွင် မိသားစုလုပ်ငန်းတွေ အဆမတန်ကြီးပွားလာတာကြောင့် အဂတိကော်မရှင်က စစ်ဆေးနေတာ ဖြစ်ကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပြန့်နှံ့လျက်ရှိတာတွေရပါတယ်။

အဲဒီ့ပို့စ်မှာ မြို့တော်ဝန်ရဲ့သမီးပိုင်တဲ့ အထည်ချုပ်စက်ရုံမှာ မြို့တော်ဝန်ရာထူးထမ်းဆောင်တဲ့ ကာလအတွင်းမှာ အဆမတန်ခဲ့တဲ့အပြင် စက်ရုံပိုင်မြေကွက်အများအပြားကိုလည်း အစိုးရသွင်းဈေးနဲ့ ဂရမ်ရယူးခဲ့တာတွေနဲ့ မြေကွက်‌နေရာချထားနဲ့ပတ်သက်ပြီး သားဖြစ်သူထံမှတဆင့် ငွေကြေးအမြောက်အများပေးခဲ့ရပေမဲ့ သဘောတူထားတဲ့အတိုင်း မြေအကျယ်အဝန်းမရရှိတာတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကိုပါ တိုင်ကြားစာများ တပြိုင်တည်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်လို့ ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်

အထက်ပါသတင်းနဲ့ပတ်သက်ပြီး ဦးမောင်မောင်စိုးက မဟုတ်မှန်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ စံတော်ချိန် သတင်းစာကို ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။

“မြေရောင်းတာတွေ၊ ဆောက်လုပ်ခွင့်ပေးတာတွေက ကျွန် တော်တို့ EC နဲ့ပဲလုပ်တာ။ ကျွန်တော်ကိုယ်တိုင် ဒီမြေတစ်ကွက်ကို ရောင်းခွင့်ပေးလိုက်ပါဆိုတာ တစ်ခါမှ ကျွန်တော် မလုပ်ဖူးဘူး။ အဲဒီတော့ ရေးရင်တောင်မှ မူဘောင်နဲ့ညီပါက ရောင်းချခွင့်ပြုမည်ဆိုတာပဲပြောတာ။ ဒီသတင်းက ဘယ်လိုမှမဖြစ်နိုင်တဲ့သတင်း။ အမှန်အတိုင်းပြောရင် တကယ်လည်း စိတ်မဝင်စားဘူး။ ကိုယ့်လုပ်စရာတွေကလည်း ကိုဗစ်ကာလအတွင်းမှာ အများကြီး… “လို့ ဦးမောင်မောင်စိုးက  စံတော်ချိန်သတင်းစာကို ပြန်လည်ဖြေကြားထားပါတယ်။

အဲ့ဒီသတင်းဟာ မဟုတ်မှန်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ မဇ္ဈိမနဲ့ DVBသတင်းဌာနတွေကို ပြန်လည်ဖြေကြားထားတာ တွေ့ရပါတယ်။

NLD ပါတီဗဟိုအလုပ်အမှူဆောင် ဒေါက်တာမျိုးညွှန့်ကလည်း ရန်ကုန်မြို့တော်ဝန်ကို စစ်ဆေးနေတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ DVB သတင်းဌာနကို ပြောကြားထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလတ်တွေအရ ရန်ကုန်မြို့တော်ဝန်နှင့်မိသားစုကို အဂတိကော်မရှင်ကစစ်ဆေးနေဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:ရန်ကုန်မြို့တော်ဝန်နှင့်မိသားစုကို အဂတိကော်မရှင်ကစစ်ဆေးနေဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *