Fact Check: NLDရဲ့ မင်းကင်းကိုယ်စားလှယ်လောင်းဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်လင်းက မဲခိုပြီး အနိုင်ရတာဖြစ်ကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။

ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “ဦးကျော်လင်းမဲခိုးမှုပေါ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ “*ပါတီပေါင်းများစွာက ကန့်ကွက်လိုက်တဲ့ ရွေးကောက်ပွဲ မဲစာရင်းရလာဒ် ပုံစံ ၁၉ ကို လက်မှတ်ထိုးခြင်းမပြုဆိုတဲ့ ပါတီတွင်း ညွှန်ကြားစာကတရားဝင် ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။*ရွေးကော်UECက မင်းကင်းမဲစာရင်းကို မထုတ်ပြန်ရဲပါ (ထုတ်ပြန်လျင် ဦးကျော်လင်းမဲခိုးမှုမယ် အပြုံလိုက်ထောင်ကျမည်)၊*မဲကိုဒီလိုခိုးခဲ့သည် *UECက မဲစာရင်း နမူနာကိုပုံစံတူရယူပြီး မင်းကင်းမြို့နယ်nldအကွက်မယ် တံဆိပ်တုံးကြိုရိုက်တဲ့ မဲစာရင်းစာရွက်တွေကို မဲရုံတွေဆီ ကြိုဖြန့်ခဲ့တယ်(ပန်းဆက်.တောင်တွင်း.မင်းကင်း.သံပေါက် လောင်းပြည့် ဇင်ကလဲ ထီဇလုပ် ဝက်ပုတ် ဆီကာ နယ်ဘက်က မဲစာရင်းလူအရေအတွက်ကို အရင်ယူခဲ့တယ်လို့ မဲခိုးရာမှာပါဝင်သူများက တဆင့်ပြောပြပါတယ်”လို့ စသဖြင့်ရေးသားနေတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ အလားတူ ဒီပို့စ်ကို ပြန်လည်ကူးယူဖော်ပြနေတာကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသာနေတာနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးတင်ဝင်းက”ဒါကတော့ မဟုတ်ပါဘူး၊ မဲလက်မှတ်တွေဆိုတာက ကျွန်တော်တို့က ထုတ်ရင်လည်း အရေအတွက်နဲ့ ပို့ရင်လည်း အရေအတွက်နဲ့ လက်မှတ်ထိုးပြီးတော့ လုပ်ရတာ အရေအတွက်တိတိကျကျလုပ်ရတာပါ၊ မဲပြားတွေရဲ့လုံခြုံရေးပိုင်းမှာဆိုရင် ကြိုတင်မဲတွေလည်းပါတာပေါ့ ကျွန်တော်တို့မင်းကင်းကော်မရှင်အဖွဲ့ခွဲက ဘဏ်ငွေတိုက်မှာအပ်တာဗျ၊ ဒီလိုအပ်တာမှာလည်း ကော်မရှင်ဝန်ထမ်းတွေ၊ မဲရုံမှူးတွေတင်မဟုတ်ပါဘူး၊ ရဲတွေ ပါတီကိုယ်စားလှယ် ရှေ့မှာပဲ အပ်ရတာ၊ အများရှေ့မှာပဲ လုပ်ရကိုင်ရတာ၊ မဲမသမာမှုလုပ်လို့မရပါဘူး၊ ကျွန်တော်တို့ ကော်မရှင်အဖွဲ့ခွဲ အနေနဲ့လည်း ပါတီကြီးတာ ငယ်တာတွေမခွဲပါဘူး၊ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတိုင်းကို တပြေးညီပဲဆောင် ရွက်ပါတယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ခံရသူအမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၁ရက်နေ့မှာ ကြေငြာခဲ့ပြီး ဒေါက်တာကျော်လင်း အနိုင်ရရှိတာကိုတွေ့ရပါတယ်။

ဒါ့အပြင် မင်းကင်းမြို့နယ်အတွင်းမှာရှိတဲ့ မဲရုံတွေမှာ မဲရေတွက်နေစဉ်မှာပဲ ဒေါက်တာကျော်လင်းရဲ့ မဲရလာဒ်က မဲရုံတော်တော်များများမှာ အနိုင်ရရှိနေကြောင်း ရေးသားထားတဲ့ပိုစ်တစ်ခုကိုလည်း  စံ အိမ် သစ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ‌ေအကောင့်ပိုင်ရှင်က ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ရက် ညနေပိုင်းမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

Facebook Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLDပါတီရဲ့ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:NLDရဲ့ မင်းကင်းကိုယ်စားလှယ်လောင်းဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *