
အိန္ဒိယနာမည်ကြီး ဘောလိဝုဒ်(Bollywood)မင်းသားတွေက မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့တကွမျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အကြောင်းအရာအမျိုးမျိုးနဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်ကာ မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။
“ရှက်တတ်ရင်သေလို့ရပြီ မြန်မာ သရုပ်ဆောင်ဘောမများ 🖕🖕 အိန္ဒိယ ဘောလိဝုစ် မင်းသားကြီးများ
မြန်မာပြည်သူများဘက်မှ ရပ်တည်ကုန်ကြပြီ
#Chtoo”လို့ရေးသားပြီး “ဒိတ်ဒိတ် ကြဲ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မတ် ၁၆ ရက်မှာ မျှဝေထားရာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ရှိပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး ဓာတ်ပုံကို tineye မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ ၂၀၁၄ ခုနှစ်အစောပိုင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။
ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ အိန္ဒိယ ဘောလိဝုဒ်မင်းသား “Hrithik Roshan” ဖြစ်ပါတယ်။ သူကိုင်ထားတဲ့ မူရင်းပုံဟာ ကင်မရာသမားတွေ ဝိုင်းနေတဲ့ ဓာတ်ပုံကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံထားပုံဖြစ်တာတွေ့ရပြီး ဓာတ်ပုံစာအဖြစ် “Hrithik Roshan 39th birthday celebration”လို့ရေးသားပြီး Santabata အမည်နဲ့ဝက်ဆိုဒ်က ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မျှဝေထားပါတယ်။
မူရင်းလင်ခ့် – Santabata | Archive link
ဒုတိယဓာတ်ပုံဖြစ်တဲ့ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်အကျော်အမော် Amitabh bachchan ကိုင်ထားတဲ့ ဓာတ်ပုံ ကိုလည်း tineye ကနေပဲ အလားတူပုံရှာနည်းနဲ့ပြန်ရှာကြည့်ရာမှာ သူ့ရဲ့ ဘလော့ဂ်စာမျက်နှာမှာ မူရင်းဓာတ်ပုံကို တွေ့ရပါတယ်။ Tumblr.com မှာ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်စွဲနဲ့ တင်ထားတဲ့ သူ့ရဲ့ အွန်လိုင်း ဒိုင်ယာရီ ၁၄၆၃ ရက်မြောက်မှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။
မူရင်းလင်ခ့် – Amitabh bachchan | Archive link
တတိယဓာတ်ပုံကိုလည်း Google မှာ အလားတူရှာဖွေကြည့်ရာမှာ ကတော့ ရုပ်ရှင်မင်းသား Sahil Khan ဟာ ရာဂျစ်ဂန္ဒီဖောင်ဒေးရှင်းကပေးတဲ့ အိန္ဒိယရဲ့ ကိုယ်ကာယစံပြုဆုရယူစဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Mumbaihulchulnewz | Archive link
ရုပ်ရှင်မင်းသား Anupam Kher ကိုင်ထားတဲ့ မူရင်းဓာတ်ပုံဟာ ဘောစတွန်စီးပွားရေးကျောင်းရဲ့ ဂုဏ်ထူးဆောင် ဆုပေးအပ်စဉ်က ပုံဖြစ်တာတွေ့ရပါတယ်။ Anupam Kher ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်က သူ့ရဲ့ Twitter လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အခုလို ဂုဏ်ထူးဆောင်ဆုပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားထားရာမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
မူရင်းလင်ခ့် – Anupam Kher | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အိန္ဒိယနာမည်ကြီး ဘောလိဝုဒ်မင်းသားတွေက မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ရေးသားပြီး မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းက အကြောင်းအရာအမျိုးမျိုးနဲ့ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေကို ပြုပြင်ဖန်တီးမျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:ဘောလိဝုဒ် မင်းသားတွေ မြန်မာအရေးလှုပ်ရှားမှုပုံတွေလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading