
ရန်ကုန်မှာ ကျူးကျော်တွေကို ဖျက်သိမ်းပြီးနောက်တွေ့ရတဲ့ လက်နက်တွေလို့ဆိုထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်က တအောင်လွတ်မြောက်ရေးတပ်မတော်(TNLA)ဆီနေ စစ်တပ်က သိမ်းဆည်းရမိတဲ့လက်နက်တွေအဖြစ် အင်တာနက်မှာပျံ့နှံဖူးပြီး ကျူးကျော်တွေဖယ်ရှားရှင်းလင်းစဉ်မှာ လက်နက်အမြောက်အများတွေ့ရတယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရပါဘူး။
ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုက ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။
“မြို့ အနှံ့က ကျူးတွေ ကို စီမံချက်ချပြီး အဆောတလျင် ဖျက်ပစ်လိုက်တဲ့ အခါမှာတော့ လှိုင်သာယာ ကျူးနဲ့ ဘုရင်နောင် တံတား အောင်ဇေယျ တံတားအောက်ဖက်က ကျူးအိမ်တွေမှာ…… ဒလ ဘက် သံလျှင် ဘက် ရွှေပြည်သာ ဘက်တွေမှာ အား ပါး ပါးးးးပက်ပက်စက်စက်ကြီး ပါပဲ ဗျာ.! သေတ္တာတွေ နဲ့ ဆာလာအိပ် အထုပ်တွေ အပြင် အိမ်အောက် မြေတူးပြီး သိုလှောင်ထားတဲ့ လက်နက် ခဲယမ်းမျိုးစုံ ဗုံးသီးမျိုးစုံ ကို သိမ်းဆည်းရမိပါတော့တယ် ။ ဖြစ်စဉ်အရတော့ ဆင်းရဲသား လက်လုပ်လက်စားအခြေခံ လူတန်းစားတွေ ကို စည်းရုံးပြီး လစဉ် ထိမ်းသိမ်းစောင့်ရှောက်ခလစာတွေ ပေးပြီးတော့ အပ်ထားခဲ့တယ် ဆိုပါလား ဗျ .! လက္ခံထားတဲ့ ကျူးအိမ်ရှင် တွေကိုတိတိ ကျကျ စုံစမ်းစစ်ဆေး ကြည့်လိုက်တဲ့ အခါမှာ ကျူးအိမ်ရှင်တွေက ပြောပြကြတဲ့ အခါမှာတော့ဘာ ပစ္စည်းတွေမှန်း မသိပါဘူးလစာ ရလို့ သိမ်းပေးထားတာပါ တဲ့.!စစ်ဆေးမှုထဲက ဖြေကြားချက်ထဲကနောက်ဆုံး စစ်ဆေး ဖြေကြား တွေ့ရှိ ချက်လေးက- ( အသက် ) -ဗျ .! ဘာတဲ့ ..! 2018 ခုနှစ် ဂျွန်လ နဲ့ ဇူလိုင်လ လောက်ကထဲက လာပြီး အပ်နှံထား တာပါ တဲ့ ခင်ဗျား..!”စသည်ဖြင့် ပြောဆိုချက်တွေ ပါဝင်တယ်။ ဒီစာသားတွေနဲ့အတူ လက်နက်အမြောက်အများကို မြေပြင်မှာ စီတန်းထားတာကို ဗွီဒီယိုရိုက်ကူးနေဟန်နဲ့ ကျည်ကတ်တစ်ခုကို အနီးကပ်ပြသနေတဲ့မြင်ကွင်းလည်း ပါဝင်ပါတယ်။
အောက်ပါ screenshot ဓာတ်ပုံကိုကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မှာ ကျူးကျော်တဲတွေကို စစ်တပ်ကညွှန်ကြားချက်နဲ့ ရှင်းလင်းခဲ့တာကို လွတ်လပ်တဲ့အာရှအသံက ဒီသတင်းမှာဖော်ပြချက်အရ တွေ့ရပါတယ်။ အခြားသောသတင်းဌာနတစ်ခုဖြစ်တဲ့ ဘီဘီစီမှာလည်း သတင်းဖော်ပြချက်တွေ့ရပါတယ်။
သို့သော်လည်း တူညီတဲ့အချက်ကတော့ ဒီလိုကျူးကျော်တွေရှင်းလင်းမှုဟာ ဘာကြောင့် ရှင်းလင်းခိုင်းတယ်ဆိုတဲ့ အကြောင်းပြချက်အာဏာပိုင်ဆိုသူတွေက မပေးသလို လက်နက်တွေ အမြောက်အများတွေ့ရတယ်ဆိုတဲ့ အချက် အလက်မျိုးကို Fact Crescendo အနေနဲ့ ရှာမတွေ့ပါဘူး။ စစ်တပ်တပ်ပိုင်သတင်းဌာန မြဝတီနဲ့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ ထုတ်ပြန်နေတဲ့ ဝက်ဘ်ဆိုဒ်မှာတောင် ဒီသတင်းမတွေ့ရပါဘူး။ အမှန်တကယ်သာဆိုရင် စစ်တပ်အတွက်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထိုးနှက်နိုင်တဲ့အပြင် ကျူးကျော်ရှင်းလင်း ရတဲ့အကြောင်းပြချက်ပေးလို့ကောင်းမယ့်အရာဖြစ်ပါတယ်။
ကိုဗစ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြားမှာ ကျူးကျော်တွေကို အတင်းအဓမ္မဆက် တိုက်ရှင်းလင်းမှုအပြီးမှာ စစ်တပ်ဟာ ကုလသမဂ္ဂရဲ့ ဝေဖန်မှုတွေကြုံတွေ့ ရပါတယ်။
ဒီလိုပို့စ်ပါ ဓာတ်ပုံတွေကို Google ပေါ်မှာ အဓိကကျတဲ့စကားလုံးတွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံပါမြင်ကွင်းတွေနဲ့ အလားသဏ္ဏာန်တူညီတဲ့ ဗွီဒီယိုကို ဒီဗွီဒီဘီ(DVB) သတင်းဌာနက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က သတင်းဖော်ပြချက်တစ်ခုမှာ တွေ့ရပါတယ်။
“TNLA အဖွဲ့ရဲ့ လေယာဉ်ပစ်ဒုံးလက်နက်နဲ့ လက်နက်ခဲယမ်း အမြောက်အများကို နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးမှာ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက သိမ်းဆည်း ရမိခဲ့ပါတယ်။
#DVBTV #PTT #TNLA #FN6”လို့ရေးသားပြီး DVB သတင်းဌာန ဗွီဒီယိုကို ဖော်ပြထားပါတယ်။
မူရင်းလင်ခ့် – DVB | Archive link
ဒီဗွီဒီယိုရဲ့ ၂ မိနစ်နဲ့ ၃ စက္ကန့်ကနေ ၅ စက္ကန့်ကြားမှာ အခုဖြန့်ဝေနေတဲ့ ဓာတ်ပုံပါ မြင်ကွင်းတွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ လူမှုကွန်ယက်ပို့စ်ပါ ဓာတ်ပုံတွေနဲ့ ဒီဗွီဘီသတင်းဌာနရဲ့ ၂၀၁၉ ခုနှစ်အတွင်းက သတင်းဖော်ပြချက်ပါ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲ မှာလည်း တူညီစွာရေးသားထားပြီး ကျူးကျော်တွေ ဆီကတွေ့ ရတဲ့ လက်နက်တွေဆိုပြီးတော့ အာဖဂနစ္စတန်က လက်နက်ဖမ်းဆီရမိမှုဓာတ်ပုံတွေကို အသုံးပြုပြီးသတင်းမှားဖြန့်ချိခဲ့ပါသေးတယ်။ အချက်အလက်စိစစ်ထား တာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကျူးကျော်ရှင်းလင်းရာကနေ လက်နက်တွေတွေ့ရတယ်ဆိုတဲ့ ဓာတ်ပုံဟာ ၂၀၁၉ခုနှစ်အတွင်း TNLA တပ်ဖွဲ့ဆီကနေ သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်တွေဓာတ်ပုံဖြစ်တာတွေ့ ရပါတယ်။

Title:Fact Check: ၂၀၁၉ ခုနှစ်အတွင်းက TNLA ဆီကသိမ်းဆည်းရမိတဲ့လက်နက်တွေကို ကျူးကျော်အိမ်တွေရှင်းလင်းမှုကရတဲ့လက်နက်အဖြစ်ပြန်လည်မျှဝေ
Fact Check By: Nayar MaungResult: False