
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန် လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သတင်းဟောင်းတွေကို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။
“အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန်လိုက်ပြီ#သတင်းထူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စစ်တပ်က ထုတ်ပြန် လိုက်တယ်ဆိုတဲ့ သတင်းမျိုး သတင်းဌာနတွေက ဖော်ပြတာမတွေ့ရပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲမှာ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာ ထုတ်ပြန်လိုက်ပြီ #သတင်းထူး”လို့ ရေးသားထားပေမဲ့ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ “ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် နုတ်ထွက်သည့်ဝန်ထမ်း ၃၀ ခန့်ရှိလာ”၊“ကွန်မန်ဒိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်”၊ “ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း”၊ “ကျိုက်ထီးရိုးပစ်ခတ်မှုအပေါ် စစ်ကောင်စီ ထုတ်ပြန်ချက် KNU ဝေဖန်”စတဲ့သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ပြန်လည်ဖော်ပြတဲ့နေရာမှာ သတင်းခေါင်းစဉ်တုအသုံးပြုပြီးတော့ လူတွေစိတ်ဝင်စားမှုရအောင် လှည့်စားဖော်ပြထားခြင်းဖြစ်ပါတယ်။ ဗွီဒီထဲပါသတင်းတွေ သတင်းဌာနတွေကဖော်ပြခဲ့တဲ့ သတင်းမှန်တွေဖြစ်ပေမဲ့ ဗွီဒီယိုကိုဖြန့်ဝေရာမှာ သတင်းခေါင်းစဉ်ဟာ နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်လွှတ်ပေးတယ်ဆိုတာ မဟုတ်မှန်ပါဘူး။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်း ၁၀၀ကျော်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: Misleading