
စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
“ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ခေတ်သစ်သတင်းဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်ဆိုတဲ့ သတင်းကို ဖော်ပြထားတာ မရှိပါဘူး။
အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ခေတ်သစ်သတင်းဌာနက “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန်၊ စစ်တပ်က ကျူးလွန် နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက် ချမှတ်၊ NUG က ကြိုဆို”ဆိုတဲ့ သတင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့က တင်ပြခဲ့တာကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး သမိုင်းဝင် ဆုံးဖြတ်ချက်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုချက်ကို အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး လူအများ စိတ်ဝင်စားမှု ရရှိအောင် လှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ
Fact Check By: Zun ZeeResult: False