
စစ်တပ်က တင့်ကားတွေကို အသေခံဗုံးခွဲခဲ့တဲ့ PDF ကဗိုလ်ဂဠုန်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေလျှက်ရှိတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံနှင့် အတူ ကျေးလက်ဒေသကွင်းပြင်တစ်ခုမှာ မီးလောင်နေတဲ့ တင့်ကားတစ်စီး အပါအဝင် တင့်ကားသုံးစီးရဲ့ဓာတ်ပုံပါဝင်ပြီး အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ရေးသားထားပါတယ်။
သို့သော်လည်း ဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ဗီယက်နမ်က မတူညီတဲ့ ဖြစ်ရပ်နှစ်ခုက ဓာတ်ပုံကို ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်တာတွေ့ရပါတယ်။
” ပြည်သူတွေ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလကို ဘယ်လောက်ရွံ့မုန်းနေပြီလဲ။ အသေခံဗုံးခွဲတာတွေ စပြီ။ ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင် ဘက်မှာ PDF တွေကို လာတိုက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ သူပုန် မအလ တင့်ကားတွေဆီ မကြောက်မရွံ့နဲ့ အသေခံဗုံးခွဲပေးခဲ့တဲ့ မောင်းထောင်သား ဗိုလ်ဂဠုန်ပါ။ လေးစားဖွယ် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပါတယ်။ ဇန်နဝါရီ (၁၇) ရက်က ဖြစ်သွားတာပါ။ အင်တာနက်တွေ ဖြတ်ထားလို့ လူတွေ မသိလိုက်ကြပါဘူး။ လေးစားဂုဏ်ယူလျှက်။ RIP ပါ ဗိုလ်ဂဠုန်” လို့ ရေးသားထားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အမျိုးသားတစ်ဦးရဲ့ပုံနဲ့ တင့်ကားမီးလောင်နေတဲ့ ဓာတ်ပုံနဲ့အတူတကွ “Laa Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖော်ပြထားရာမှာ ၂ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။
တူညီတဲ့ရေးသားဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး ဗိုလ်ဂဋုန်ဆိုသူ ဓာတ်ပုံနဲ့ တင့်ကား ၂ စီးအနက် တစ်စီး မီးလောင်နေတဲ့ ဓာတ်ပုံတွေကို ခွဲထုတ်ပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အချက်အလက် ဓာတ်ပုံထဲက အမျိုးသားဟာ မြန်မာနိုင်ငံက မဟုတ်ဘဲ ဗီယက်နမ်လူမျိုးတစ်ဦးဖြစ်တာတွေ့ရပါတယ်။
ဓာတ်ပုံပါအမျိုးသားဟာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက ငုယင်အိုင်နန်(Nguyen Hoai Nam)အမည်ရှိ အမျိုးသား ဖြစ်ပြီး ငါးသား ကလေးငယ်ကို နှိပ်စက်ညှဉ်းပမ်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ၂၀၂၁ ခုနှစ် ဩဂုတ် ၅ ရက်စွဲနဲ့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ အသုံးပြုဖော်ပြထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Vnexpress | Archive link
ထို့အတူ တင့်ကားမီးလောင်နေတဲ့ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Chientruongvietnam အမည်နဲ့ဝက်ဘ်ဆိုဒ်က ရေးသားခဲ့တဲ့ ၁၉၆၅ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းက ဗန်တူအော်(Van Tuong) ကျေးရွာအနီးကတိုက်ပွဲအကြောင်းရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အသုံးပြုထားတာတွေ့ရပါတယ်။
မူရင်း ဗီယက်နမ်ဘာသာစကားကနေ မြန်မာဘာသာကို Google Translate အသုံးပြုပြီး ဘာသာပြန်ဆို ကြည့်ရာမှာ ဗီယက်နမ်နိုင်ငံမှာ စတားလိုက်(Starlite)စစ်ဆင်ရေးဆိုပြီးတော့ ၁၉၆၅ ခုနှစ် သြဂုတ် ၁၇ ကနေ ၁၉၆၅ ခုနှစ် သြဂုတ် ၂၄ ရက်အထိ အမေရိကန်တပ်တွေဟာ ဗန်တူအော်ကျေးရွာအနီးမှာထိုးစစ်ဆင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခု အကြောင်းရေးသားထားခြင်းဖြစ်တာတွေ့ရပါတယ်။
ဓာတ်ပုံစာသားအဖြစ် “အမေရိကန်တင့်ကားများသည် ဗန်တူအော်တိုက်ပွဲတွင် တိုက်ခိုက်နေကြသည် – ဗီယက်နမ်စစ်ပွဲအတွင်း စတားလိုက်စစ်ဆင်ရေးမှာ အမေရိကန်တင့်ကားများ တိုက်ခိုက်နေခြင်းဖြစ်သည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ (ရှင်းလင်းစေရန် အဓိပ္ပာယ်ကောက်ယူတည်ဖြတ်ရေးသားခြင်းပါတယ်။ မူရင်းဘာသာပြန်ဆိုချက်ကိုပုံမှာကြည့်ပါ)

မူရင်းလင်ခ့် – Chientruongvietnam | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ စစ်တပ်တင့်ကားတွေကို PDF တပ်ဖွဲ့ဝင်တစ်ဦးက အသေခံဗုံးခွဲခဲ့တယ်ဆိုတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ စွဲချက်တင်ခံရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: စစ်တပ်တင့်ကားကို အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ဓာတ်ပုံလား-မှားနေပါတယ်
Fact Check By: Nayar MaungResult: False