Fact Check: လူရွှင်တော် ဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချထားတဲ့ လုပ်ကြံရေးသားဖြန့်ဝေမှု ပျံ့နှံ့ခဲ့

False နိုင်ငံရေး | Politics

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သလို အနုပညာရှင်နဲ့ လူရွှင်တော်လည်းဖြစ်တဲ့ ဇာဂနာ က ၂၀၂၁ စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရှုတ်ချထားတဲ့ ပို့စ်တွေဟာ  စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်ကတည်းက  ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိ ပုံစံမျိုးစုံနဲ့ ဖြန့်ဝေနေတာလည်းတွေ့ရတယ်။ 

တကယ်တော့ လူရွှင်တော် နိုင်ငံရေးသမား ဇာဂနာ နာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက် ဖြစ်ပြီး ဇာဂနာကလည်း သူ့ရဲ့ ရေးသားပြောဆိုချက်မဟုတ်ကြောင်း တရားဝင် ငြင်းချက်ထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေခဲ့တဲ့ ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ အဲဒီအချိန်က စချီရေးသားဖြန့်ချိခဲ့ပြီး ဒီတခေါက် ပျံ့နှံ့မှုမှာတော့ “စစ်အစိုးရကို အကြိမ်ကြိမ်တော်လှန်ခဲ့တဲ့ ဇာဂနာ စစ်အစိုးရက အကြိမ်ကြိမ်ထောင်ချခဲ့တဲ့ ကိုသူရ ခေါ် ဇာဂနာ ၂၀၂၁အာဏာသိမ်းပြီး ဘာကြောင့် နှုတ်ဆိတ်နေတာလဲ?..”ဆိုတဲ့ ခေါင်းစီးစာသားနဲ့စဖွင့်ထားတယ်။

ရည်လျားစွာရေးသားထားတဲ့ အခုတကြိမ်ဖြန့်ဝေမှုမှာလည်း အဓိက အားဖြင့် စစ်တပ်အာဏာသိမ်းတာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး‌ဖောက်တာ၊ မဲလိမ်၊မဲခိုးတာတွေကြောင့် အာဏာထိမ်းရတာ ဖြစ်တယ်လို့ ဇာနဂက အာဏာသိမ်းမှုကို ထောက်ခံပြောဆိုတယ် လို့ ဆိုထားတယ်။ 

ဒီရက်ပိုင်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ခချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကိုဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ 

 “ပြည်သူအများတွေးတာက…..
စစ်တပ်က လက်နက်အားကိုးနဲ့
အာဏာသိမ်းတယ် မတရားဘူးပေါ့

သူတို့ မတွေးတာက ဒေါ်စု အစိုးရက
အာဏာရ တက်လာပြီး မကြာမီမှာဘဲ
ဥပဒေကို သိသာထင်ရှားစွာ ချိုးဖောက်ပြလိုက်တယ်

အဲဒါကို သူတို့ မသိဘူး

သမ္မတ ဦးထင်ကျော် ရာထူးက နှုတ်ထွက်တဲ့အခါ
အခြေခံဥပဒေအရ
ဒု-သမ္မတ (၁) က သမ္မတ ရာထူးတက်
ဒု – သမ္မတ (၂) နေရာကို ရွေးရမယ်

ဒါပေမဲ့
အန်တီက စီနီယာအတိုင်း မလုပ်ဘဲ
စည်းလွတ်ဘောင်လွတ် လက်ထဲအာဏာ
ငါတို့မှာရှိတာဆိုတဲ့ ပုံစံမျိုး လုပ်ပြခဲ့တယ်

အမှန်တော့အန်တီက
ခြေဥကို ကျမ်းကျိန်ပြီး တက်လာတာ
ခြေဥထဲက ဥပဒေကို လေးစားလိုက်နာရမှာပေါ့
မလိုက်နာခဲ့ဘူး။

မဲဆွယ်ကာလမှာလည်း
သမ္မတသည် ပါတီကိုယ်စားပြု
မဲမဆွယ်ရဘူး တိတိလင်းလင်းပါပြီးသား
ဦးဝင်းမြင့်ကိုယ်တိုင်
ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကန့်ကွက်ခဲ့ပြီးသား။

ဒါပေမဲ့လည်း သိသိကြီးနဲ့ပဲ ပါတီလိုဂိုတွေနဲ့
ပေ့ခ်ျ ဖွင့်ပြီး မဲဆွယ်ခဲ့တယ်။

ဒီအထိလည်း စစ်တပ်က ဘာမှ မပြောသေးဘူး
ဥပဒေကို ချိုးဖောက်နေတာ သူတို့ မသိနေမလား

မဲစာရင်းတွေ ထပ်တာ မဲကွာတာတွေကိုလည်း
သတင်းစာရှင်းလင်းပွဲနဲ့ ထွက်ရှင်းတယ်
မဲပေးရမဲ့ လူဦးရေ ၃၈ သန်းကျော်ကို
မဲစာရင်းကွာဟမှု ၁၀သန်းကျော် မှားနေတာ
သာမန်မှားယွင်းမှု မဟုတ်ဘူးဆိုတာ
စဉ်းစားတတ်သူတိုင်း သိတယ်။

တာဝန်အပြည့်ရှိတဲ့
UECကို ရှင်းပေးဖို့တောင်းဆိုတယ်

ပါတီတွေကလည်း ကန့်ကွက်သူ ကန့်ကွက်
စခန်းမှာ တိုင်သူကတိုင်
အမှုပေါင်းမြောက်များစွာ UEC က ထည့်ကို
မစဉ်းစားဘူး။

UEC ကသာ ဘာမှ ထွက်မရှင်းတာ
ပါတီရဲ့ပြောခွင့်ဆိုခွင့်ရ ဒေါက်တာမျိုးညွန့်က
UEC ကို ကာဗာပေးပြီး ထ,ထရှင်းတယ်။

UEC က ဘာမှ မရှင်းပေးလို့
သမ္မတကို တိုင်တယ် သမ္မတကလည်း
အဖက်လုပ်ပြီး စာတစ်ကြောင်းတောင်
မထုတ်ပြန်ဘူး
စစ်ပေးမယ်လို့ လေသံတောင် မဟဘူး။

အာဏာရအစိုးရက
ဒုတိယအကြိမ်လွှတ်တော်ကို ကျော်ပြီး
တတိယအကြိမ်လွှတ်တော်ကို ခေါ်ဖို့ကိုပဲ
အသဲအသန်လုပ်တယ်။

စစ်တပ်နဲ့ တခြားပါတီတွေက
ဒုတိယအကြိမ်လွှတ်တော်ခေါ်ပေးဖို့
တောင်းဆိုတယ်
အာဏာရပါတီက ဂရုကို မစိုက်ဘူး
အစိုးရဖွဲ့နိုင်ဖို့ တတိယအကြိမ်လွှတ်တော်အတွက်ပဲ
ပြင်ဆင်နေတယ်။

ဒုတိယအကြိမ်လွှတ်တော်ခေါ်ရင်
အမတ်တွေက
မဲမသမာမှူကို စစ်ဆေးပေးဖို့.အဆိုပြုကြမယ်
လွှတ်တော်က စစ်ပေးဖို့အတွက်ကို
လက်ခံရတော့မယ်

UEC ကလည်း မဖြေရှင်းနိုင်ဘူး တကယ်လည်း
ခိုးခဲ့တာကိုး သမ္မတနဲ့ အန်တီကလည်း
ဒါကို သိထားတယ်
အဲတော့ ရှေ့ထွက်ပြီး မရှင်းနိုင်ဘူး။

စစ်တပ်ကလည်း အခုလိုတွေ မလုပ်ချင်လို့
မေတ္တာရပ်ခံစာတွေရော
သတင်းစာရှင်းလင်းပွဲတွေရော
အကြိမ်ကြိမ်အခါခါ တောင်းဆိုတယ်
အစိုးရဘက်က တုန့်ပြန်မှု တစ်စုံတစ်ရာ မရခဲ့ဘူး။

အန်တီ့ဘက်ကလည်း တွေးပြီးသား
တွက်ပြီးသားပါ
ထွက်ရှင်းရင်လည်း အရှက်ကွဲမယ်
စစ်တပ်က ဒေတာ အမှန်တွေနဲ့ နိုင်ငံတကာအထိ
ချပြပြီးသား

မရှင်းရင် စစ်တပ်ကို အာဏာလွှဲရမယ်ဆိုတာကို
အစောကတည်းက စစ်တပ်က ညှိနိူင်းမှုလုပ်ဖို့
အကြိမ်ကြိမ်တောင်းဆိုတယ်
မလိုက်လျောဘူး
UEC လုပ်တာလို့ ထိုးကျွေးရအောင်လည်း
အန်တီ့စနက်တွေပါနေတော့ UEC ကလည်း
ငြိမ်ခံမနေဘူး

တွဲခေါ်သွားရင် အရှက်က ပိုကွဲဦးမယ်။

မထူးဇာတ်ခင်းပြီး ငြိမ်နေတော့
စစ်တပ်ကလည်း ခြေဥအတိုင်း
အာဏာခဏထိမ်းလိုက်တယ်
ဥပဒေနားမလည်တဲ့ ပြည်သူတွေက
မတရားအာဏာသိမ်းတယ်ထင်ပြီး
ပေါက်ကွဲကုန်ကြတယ်။

အမှန်တော့ အာဏာရ အန်တီတို့ အစိုးရအဖွဲ့က
အခြေခံဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ကြတာ

အန်တီ့ကို ထောက်ခံတဲ့ ပြည်သူတွေက
မသိနားမလည်တော့
စစ်တပ်အမုန်းတရား ရိုက်သွင်းခဲ့တဲ့
နိုင်ငံရေး လုပ်စားသမားကြီးတွေ
ပြည်ပက ထောက်ပံ့ငွေယူပြီး အိမ်ကြက်ချင်း
အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေတဲ့
လေးဘက်ထောက်မီဒီယာ အာဘော်တွေရယ် တစ်ဖက်သတ် စစ်တပ်ကို
မမုန်းမုန်းအောင် လော်နေတဲ့
တစ်ဖက်ပိတ် လော်ဘီတွေရယ်ကြောင့်
ပြည်သူအများစုက ဘာသိလဲဆို
ဘာမှမသိ လော်ဘီတွေပြောတာပဲသိပြီး
မျက်စိရော နားရောစုံပိတ်ပြီး ဆဲနေကြတော့တာ။

စစ်တပ်က မပိုင်ဘဲ ဘာမှမလုပ်ဘူး
သူတို့မှာ Plan A to Z ရှိပြီးသား
ဥပဒေဘောင်အတွင်းက သွားဖို့
အကြိမ်ကြိမ် သတိပေးတယ်
မေတ္တာရပ်ခံတယ်
တောင်းဆိုတယ်
သူတို့အလွန် တစ်ခုမှ မရှိဘူး
မဲမသမာမှု တစ်ခုတည်းနဲ့လည်း
ပြီးမယ်မထင်နဲ့
အဂတိလိုက်စားမှူတွေနဲ့ တရားစွဲခံရဦးမှာ။

ကံကောင်းပါစေလို့
ဆုတောင်းပေးရုံက လွဲပြီး တစ်ခြားမရှိ
ကိုယ်စိုက်ခဲ့တဲ့ အပင် ကိုယ်စားပေါ့
ချိုတယ် ငံတယ် ပြောလို့ မရဘူး။

သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့။

#ဇာဂနာ #လူရွှင်တော် #နိုင်ငံရေး #တော်လှန်ရေး

Original link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး‌ဖောက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း မဲလိမ်၊မဲခိုးတယ် ဒါမှမဟုတ် မဲမသမာမှု လုပ်ခဲ့တယ်ဆိုတာ စစ်တပ်ကအာဏာသိမ်းဖို့ အတွက် အကြောင်းပြချက်တခုအဖြစ် ဝါဒမှိုင်းတိုက်ဖြန့်ချိမှုသာဖြစ်တယ်။ ဒီစွပ်စွဲမှုကို သမ္မတ တဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က လက်ရှိအချိန်အထိ ထပ်ခါတလဲ ထည့်သွင်းဝါဒဖြန့်ချိနေပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် တချို့ရှိခဲ့ပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲအဖြစ် လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက အစီရင်ခံထားကြတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် မှာကြည့်ပါ)

ဆက်လက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက စစ်အာဏာသိမ်းတာကို ထောက်ခံတယ်ဆိုပြီး ပြောဆိုရေးသားဖြန့်ဝေမှုကို ကြည့်ရအောင်ပါ။ 

နိုင်ငံရေးသမား လူရွှင်တော် ဇာဂနာ အသုံးပြုတဲ့ ဖေ့စ်ဘွ်စာမျက်နှာမှာ ဇူလိုင် ၂၆ ရက်က အောက်ပါအတိုင်း ရေးသားဖြေရှင်းထားတာတွေ့ရတယ်။

“ဒီစာမျက်နှာကနေ ရေးတာမဟုတ်ရင် ပြောတာမဟုတ်ရင် ဇာဂနာရေးတာ ပြောတာမဟုတ်ပါ။ တခြားဇာဂနာတွေရေးတာ၊ပြောတာမှန်သမျှ ဒီဇာဂနာနဲ့ဘာမှမဆိုင်ပါ။”

Original link | Archive link

အခုလို ပျံ့နှံ့နေတဲ့ ပြောဆိုချက်နဲ့ အလားတူတဲ့ ပြောဆိုချက် လူရွှင်တော် ဇာဂနာရဲ့ ပြောကြားချက်အဖြစ် ၂၀၂၂ ခုနှစ်ထဲမှာပျံ့နှံ့ခဲ့ပါ‌သေးတယ်။ Fact Crescendo Myanmar က အချက်အလက်ခဲ့တာ ဒီလင့်ခ်မှာကြည့်ပါ။

အဲဒီအချိန်က ဇာဂနာကို ဒီလိုရေးသားဖြန့်ဝေနေတဲ့ပို့စ်ပါအကြောင်းအရာဖော်ပြချက်ဟာ သူ့ရဲ့ ရေးသားချက် ဟုတ်မဟုတ် ဖေ့စ်ဘွတ်မက်ဆေ့ဂျာက တဆင့် မေးမြန်းအတည်ပြုရာမှာတော့ “တယောက် တဖွဲ့ က လုပ်ကြံရေးနေကြ တာပါ။”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်

သုံးသပ်ချက်

အစိုးရတွေကို ဝေဖန်တတ်တဲ့ လူရွှင်တော် ဇာဂနာရဲ့ သဘောသဘာဝကိုအသုံးချပြီးတော့ စစ်အာဏာသိမ်းမှုကို ထောက်ခံသယောင် အာဏာသိမ်းအပြီးမှာ လူထုကို ဝေဝါးအောင် လုပ်ကြံရေးသား ဖြန့်ချိနေတဲ့ ဝါဒဖြန့်ချိမှု သာ ဖြစ်တာတွေ့ရပါတယ်။ လက်ရှိ အာဏာသိမ်း စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်တာ မလုပ်သည့် တိုင်အောင် ဇာဂနာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးမှုကို ခံခဲ့ရသူဖြစ်ပြီးတယ်။  သူကိုယ်တိုင် ကလည်း ဒီစာဟာ လုပ်ကြံရေးသားချက်အဖြစ်အတည်ပြုထားတာကြောင့် သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

Result Stamp

Title: Fact Check: လူရွှင်တော် ဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချထားတဲ့ လုပ်ကြံရေးသားဖြန့်ဝေမှု ပျံ့နှံ့ခဲ့

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *