Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

Missing Context လူမှုရေး

အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

 “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem အမည်တွေနဲ့လည်း ဈေးကွက်မှာခေါ်ကြတာတွေ့ရပါတယ်။ ဒီအပင်ဟာ နေရောင်ကောင်းစွာမရတဲ့အခန်းထဲမှာ ရေမရဘဲနဲ့အချိန်အကြာကြီးရှင်သန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့်လည်း အိမ်တွင်းအလှဆင်လုပ်ငန်းအတွက် နာမည်ကြီးပါတယ်။

သို့သော်လည်း ဒီအပင်က ကင်ဆာဖြစ်စေတဲ့ ဂုဏ်သတ္တိရှိတယ်ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး ယုံကြည် အားထားရတဲ့ အထောက်အထားမျိုးမတွေ့ရသလို သုတေသနလည်း မတွေ့ပါဘူး။ zamioculcas zamiifolia ဆိုပြီး အမေရိကန်အမျိုးသားဆေးဘက်ဆိုင်ရာပေါ်တယ်[www.ncbi.nlm.nih.gov]မှာလည်း ဒီအပင်ဟာ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ သုတေသနပြုချက်မျိူးမတွေ့ရပါဘူး။

ဒီပို့စ်ဟာ အခြားသောဘာသာစကားအသုံးပြုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာလည်းအလားတူ ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကနဦးပျံ့နှံ့မှုတွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ တရုတ်ဆေးဘက်ဆိုင်ရာသုတေသနဌာနနဲ့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနတွေက ဒီအပင်ဟာ ကင်ဆာဖြစ်စေကြောင်း သတိပေးချက်ဆိုပြီးတော့ ပျံ့နှံ့ခဲ့ တာဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ အထောက်အထားမရှိကြောင်း အချက်အလက်စိစစ်ရေး အဖွဲ့တစ်ခု ဖြစ်တဲ့ ဖိလစ်ပိုင်အခြေစိုက် Verafiles ကလည်း အချက်အလက်စိစစ်ဖော်ပြခဲ့တာတွေ့ရပါတယ်။

သို့သော် ZZ plant ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ခန္ဓာကိုယ်အရေအပြားနဲ့ ထိတွေ့ မယ်ဆိုရင် ယားယံတာ၊ စားမိမယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အတွက် ကလေးတွေနဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ထားဖို့ ဩစတေးလျနိုင်ငံ Queensland ပြည်နယ်အစိုးရက သတိပေးချက်ထုတ်ဖူးပါတယ်။ အဆိပ်အတောက်ဖြစ် စေတာဟာ ကင်ဆာ ဖြစ်စေနိုင်တာမဟုတ်ပါဘူး။ စင်ကာပူအခြေစိုက်သတင်းစာတစ်စောင်ဖြစ်တဲ့ Straits Times ရဲ့အမေးအဖြေ ကဏ္ဏတစ်ခုမှာဒီအချက်ကိုအတည်ပြုထားတာတွေ့ရပါတယ်။

 မူရင်းလင်ခ့် – Straits TimesArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သိပ္ပွံအမည် zamioculcas zamiifolia ခေါ် ZZ plant က ကင်ဆာဖြစ်စေ တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထား အချက်အလက်မတွေ့ရပါဘူး။

Avatar

Title:Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *