
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးကုဖို့ ပြည်ပသို့ ဇန်နဝါရီ ၂၁ နေ့မှာ သွားဖို့ စီစဉ်ထားတယ်လို့ ရေးသားထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၂၁ နေ့မှာ ဆေးကုဖို့ ပြည်ပသို့ ထွက်မှာဖြစ်ပြီး အခြားနိုင်ငံတွေကို သူ့အစိုးရကို ထောက်ခံဖို့အတွက်သွားပြောမှာလို့လည်း ရေးသားထားပါတယ်။ ရှရှား ကာကွယ်ရေးဝန်ကြီး လာမယ့်အချိန်နဲ့ အဝင်အထွက်လုပ်ထားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံမှုအားကောင်းခဲ့တဲ့ “မျိုး ဝင်း” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “မျိုး ဝင်း” အမည်နဲ့ အကောင့်ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အမှန်တကယ် ဖောက်လာတဲ့အတွက် ဇန်နဝါရီ ၂၁ ရက်မှာ ပြည်ပသွားဖို့ မသေချာတော့ဘူးလို့လည်း ထပ်မံ မျှဝေခဲ့တာ တွေ့ရပါတယ်။

“အဝင် အထွက် နဲ့ အကောင်း အဆိုး
===================
နိုင်ငံရေး ထူးခြားသတင်းအဖြစ် ဒေါ်စုကြည်တယောက် ဆေးကုဖို့ ပြည်ပသို့ 21-1-2021 နေ့မှာ သွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ တွေ့နေလို့ မေးမြန်းစုံစမ်းကြည့်တော့ မှန်ဖို့ များနေပါတယ် ။
covid ကာလကြီးလည်းဖြစ် ၊ နိုင်ငံရေးအတွက် သေရေးရှင်ရေး လည်း ဖြစ်နေတဲ့ ဒီလိုကာလကြီးမှာ ပြည်ပခရီးထွက်တယ် ဆိုတာ အင်မတန် တွေးတောစရာ ဖြစ်နေပါတယ် ။
ဖြစ်နိုင်ခြေများကို တွက်ဆကြည့်ပါ့မယ် ။ NLD ဟာ တပ်မတော်ကြေညာထားတဲ့ မဲစာရင်း အမှားတွေကို မျက်စေ့မှိတ်ငြင်းပြီး အစိုးရ ဖွဲ့ကြဖို့ ဇွတ်အတင်း လုပ်နေပါတယ် ။
တပ်မတော်ကလည်း ၂၀၀၈ ခြေ / ဥ အတိုင်း ဥပဒေနဲ့ အညီဆောင်ရွက်သွားမယ်လို့ အကြိမ်ကြိမ်ပြောနေပါတယ် ။ UEC ကော လွှတ်တော်နာယကရော မရိုးသားမှု ဥပဒေဖောက်ဖျက်မှုတွေကို သတိပေးပြီးပါပြီ ။
ဖြေရှင်းမှု မရှိပဲ မထော်မနန်း လိုရာစွဲ ပုဒ်မ တခု နှစ်ခုလောက်နဲ့ အစိုးရ ဇွတ်ဖွဲ့ကြပါမယ် ။ အကယ်၍ တပ်မတော်က အစိုးရဖွဲ့သည်နှင့် အရေးယူခဲ့လျှင် ဒေါ်စုကြည်သည် ပြည်ပနိုင်ငံတွင် ရောက်နေ၍ အန္တရာယ်ကင်းပေလိမ့်မည် ။
နောက်တချက် အချိန် ၁၀ ရက်ခန့် ရသည့် ပြည်ပခရီးမှာ NLD အစိုးရသစ်ကို ကျားကန်ပြီး ထောက်ခံပေးပါရန် လိုက်လံ စည်းရုံးပါမည် ။ စည်းရုံးရာမှ မိမိလိုအင်အတွက် တိုင်းပြည်နစ်နာချက် မည်မျှ ကြီးမားသည့် အပေးအယူဖြစ်နေပါစေ လက်ခံပြီး လုပ်ဆောင်ပါလိမ့်မယ် ။
ဒါတွေကို တပ်မတော်ကလည်း ကြိုတင်တွေးဆထားပြီး ဖြစ်ပါတယ် ။ ကံအားလျှော်စွာပဲ ဒေါ်စုကြည် ပြည်ပခရီး ထွက်မယ့် အချိန်အတွင်း ကျနော် ပြောထားတဲ့ တပ်ချုပ်ကြီးရဲ့ ဧည့်သည် ရောက်လာဖို့ ရှိနေပါတယ် ။
ဧည့်သည်က ၂၀၁၈ ဇန္နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ လာသွားဖူးပြီး သူ့ခရီးစဉ်အပြီးမှာ မြန်မာအတွက် SU 30 ရောင်းပေးမယ်လို့ ကြေညာသွားတဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးပဲ ဖြစ်ပါတယ် ။ သူ့ခရီးစဉ် ၃ နှစ်ပြည့် ဇန္နဝါရီ အတွင်း အဲဒီရက်ပိုင်းမှာပဲ ရောက်လာမှာ ဖြစ်ပါတယ် ။
Covid ကာလ မှာ မြန်မာပြည်ကို ဝက်ဝံကြီး ဘာလာလုပ်သလဲ ။ တွေးစရာတွေ အများကြီး ဖြစ်နေရပါတယ် ။ အပျင်းပြေ လာလေ့မရှိတဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ခရီးစဉ်တွေဟာ စိတ်ဝင်စားစရာပါပဲ ။
သတင်းတွေအရ ဒေါ်စုကြည် နဲ့ ဝက်ဝံကြီး အဝင် အထွက် ဖြစ်ပါလိမ့်မယ် ။
အဝင်က မြန်မာပြည်အတွက် ကောင်းကျိုးတွေ သယ်လာမယ့်သူလို့ ယုံကြည်မိပါတယ် ။
အထွက်ကတော့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ သွားဝယ်နေတဲ့ သူအဖြစ် ရှု့မြင်ပါတယ် ။
ဒီသတင်း ၂ ခုက မြန်မာ့ပြည်ရဲ့ အနာဂါတ်နဲ့ ပါတ်သပ်ပြီး စိတ်ဝင်စားစရာ ပါပဲ ။ အဆုံးသတ် ကောက်ချက်ချရမယ် ဆိုရင်
၁ ။ NLD ရဲ့ မဲခိုးမှုတွေ ဖုံးဖိမရအောင် ပေါ်ပေါက်နေလို့ ခိုးမဲတွေနဲ့ အနိုင်ရထားတဲ့ ပါတီကို ဘယ်နိုင်ငံကြီးကမှ လှိုက်လှိုက်လှဲလှဲ မထောက်ခံသေးလို့ ကိုယ်တိုင် သွားပြီး ထောက်ခံကြဖို့ အားထုတ်နေရတဲ့ NLD ရဲ့ အနေအထားကြောင့် မျိုးချစ်တွေအတွက် အားတက်စရာပါ ။
၂ ။ မြန်မာနိုင်ငံရဲ့ တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ရန် လိုအပ်နေသော အချိန်ကာလမှာ ကွက်တိရောက်လာတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာလည်း မျိုးချစ်တွေအတွက် ဝမ်းသာစရာ မင်္ဂလာ သတင်းပါပဲ ၊၊
နောက်ထပ် မျိုးချစ်တွေအတွက် ဝမ်းသာဖွယ် သတင်းအကြီး ကြီး တခုကိုတော့ မနက်မှ ပြောပါတော့ မယ် ဗျာ မျိုးဝင်း” လို့ ရေးသားပြီး “မျိုး ဝင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာမယ့်သတင်းဟာ မှန်ကန်တာတွေ့ရပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီး နေပြည်တော်သို့ လာရောက်မည့်သတင်းကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့်ဧည့်သည့်တွေ့ဆုံခြင်းအစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့ရတယ်ဆိုပြီး မျှဝေနေတာဟာ သတင်းတုသတင်းမှားသာဖြစ်တယ်လို့လည်း အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက ရှင်းလင်းထားပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယခုရက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့် ဧည့်သည့်တွေ့ဆုံခြင်းအစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့ရကြောင်း စသည်ဖြင့် မဟုတ်မမှန်ရေးသားနေမှုများအား လုံးသည် သတင်းတု သတင်းမှားများသာ ဖြစ်ကြောင်း သိစေအပ်ပါသည်။”
မူရင်းလင်ခ့် – Kyi Toe | Archive link
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံတွေကို ခရီးသွား မယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးမတွေ့ရပါဘူး။ အခြားသော သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဒီလိုဖော်ပြချက်မျိုးမတွေ့ရပါဘူး။ ဇန်နဝါရီ ၁၈ ရက်မှာ ဂျပန်-မြန်မာ အသင်း ဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံ ကောင်စီဝင်ဟောင်း များ ၏ ဥက္ကဋ္ဌအား ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့တဲ့ သတင်းကို နောက်ဆုံး ထုတ်ပြန် ထားတာတွေ့ရပါတယ်။ ဒီသတင်းထုတ်ပြန်ချက်အရ ကျန်းမာရေးမကောင်းတဲ့အခြေအနေတစ်စုံ တစ်ရာမတွေ့ရှိရပါဘူး။
“NLD ရဲ့ မဲခိုးမှုတွေ ဖုံးဖိမရအောင် ပေါ်ပေါက်နေလို့ ခိုးမဲတွေနဲ့ အနိုင်ရထားတဲ့ ပါတီကို ဘယ်နိုင်ငံကြီးကမှ လှိုက်လှိုက်လှဲလှဲ မထောက်ခံသေးလို့ ကိုယ်တိုင်သွားပြီး ထောက်ခံကြဖို့ အားထုတ်နေရတယ်”လို့လည်း ရေးသား ထားပါတယ်။ “နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော အထွေထွေပါလီမန်ရွေးကောက်ပွဲကို လွပ်လပ်စွာ ၊ တရားမျှတစွာ ၊ ငြိမ်းချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုဂုဏ်ပြုအပ်ပါသည်” လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။ ထို့အတူ တရုတ်သမ္မတကလည်း ဒေါ်အောင်ဆန်းစုကြည်ထံ NLD ပါတီမှ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းပေးပို့ထားပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှု အပေါ်မှာ အင်အားကြီးနိုင်ငံများမှ သံရုံများက ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီလင့်ခ်မှာလေ့လာ နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး သတင်းဟာ သတင်းမှားဖြစ်ပြီး နိုင်ငံကြီး တွေက မထောက်ခံတဲ့အတွက် သွားရောက်စည်းရုံး မယ်လို့ ရေးသားမျှဝေချက်ဟာလည်း အထောက်အထား မရှိပါဘူး။ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံကြီးတွေက မြန်မာနိုင်ငံ အခြေစိုက်သံရုံး တွေဟာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှုအတွက် ဝမ်းမြောက်ကြောင်း ဖော်ပြထားပြီးဖြစ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည် ဆေးကုဖို့ နိုင်ငံခြားထွက်မှာလား
Fact Check By: Nayar MaungResult: Misleading