မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

Misleading လူမှုရေး

“မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည်”ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒီခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ naythimyanmar.com နဲ့ lugyinnews.com ကသတင်းဖော်ပြချက် အပြည့်အစုံမှာ အော်ပါအတိုင်းဖြစ်ပါတယ်။

“အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံး ပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန် လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီအစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီးပထမအကြိမ်ကဲ့သို့ အခြေခံလူတန်းစား များကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ်။ ဒီလိုငွေကြေး ထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ Pay တို့ စသည်ဖြင့်ပေါ့နော်နိုင်ငံသားတိုင်း လက်ထဲရောက်အောင် ထောက်ပံ့ပေးသွားမယ် လို့ဆိုပါတယ်။သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်တစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ပစ္စည်းငါးမျိုးကို ပေးအပ်ခဲ့ ရာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ပေါင်း ၃ ဒသမ ၉၉ သန်းကို ဝေငှ နိုင်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကျပ် ၅၀ ဒသမ ၈၄၄ ဘီလီယံ ကျခံခဲ့သည်။အထက်ပါ အခြေခံရိက္ခာ ပေးဝေသည့် အစီအစဉ်တွင် အငြင်းပွားမှု များ၊ အထစ်အငေါ့များ နှင့် ပစ္စည်းအဖြတ်ခံရမှုများရှိသ ဖြင့် ဒုတိယအကြိမ်ပေးအပ်မည့် အစီအစဉ်တွင်ငွေသား ကိုသာ သက်ဆိုင်ရာ အိမ်ထောင်စုဆီသို့ ပေးအပ်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြပါတယ်။အခြေခံလူတန်းစားများကို စားသောက်ကုန်ငါးမျိုး ထောက်ပံ့ ရာတွင် တစ်အိမ်ထောင်လျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၂၀,၀၀၀ အတွင်း နေရာဒေသအလိုက် ကုန်ကျပြီးယခု ဒုတိယအကြိမ် တွင် ယခင်ထက် နှစ်ဆ ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အကြားထောက်ပံ့ရန် စီစဉ်ထား ကာ ယင်းအတွက် ကျပ်ဘီလီယံ ၁၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း သိရှိရပါတယ်”

ဒီသတင်းကို လူမှုကွန်ယက်သုံးစွဲသူအသီးသီးက ပြန်လည်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

သတင်းမှာ မေ ၁၆ ရက်နေ့က နေပြည်တော်သမ္မတအိမ်တော်သတင်းထောက်တွေနဲ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပြောကြားချက်ကို ကိုးကားထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

မေ ၁၆ ရက်နေ့က နေပြည်တော်သမ္မတအိမ်တော်သတင်းထောက်တွေနဲ့ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲပြောကြားကို သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးဇော်ဌေးက သူ့ရဲ့ ကိုယ်ပိုင်စာမျက် နှာကနေ live လွှင့်ခဲ့တာတွေ့ရပြီး စုစုပေါင်း ၂ နာရီနဲ့ ၁၁ မိနစ်ဝန်းကျင်ကြာမြင့်ပါတယ်။ သတင်းစာရှင်းပွဲအစ ၁၀ မိနစ်နဲ့ ၃၅ စက္ကန့်မှာ ၁ မိနစ်ခွဲကြာ ငွေကြေးထောက်ပံ့မယ့်အစီအစဉ်ကို ပြောကြားခဲ့တာတွေ့ရပါတယ်။ ဝင်ငွေနည်းမိသားစု တွေနဲ့ ဒုက္ခသည်စခန်းတွေကို ထောက်ပံ့မယ့် အစီအစဉ်အတွက်  သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားချက်က အောက်ပါအအတိုင်းဖြစ်ပါတယ်။

“IDP တွေရယ်၊ နောက်ပြီးတော့ ခုနပြောသလို ထိခိုက်လွယ်တဲ့ အခြေလူတန်းစားအိမ်ထောင်စုတွေအတွက် သင့်တင့်တဲ့ ပမာဏနဲ့ ငွေကြေးထောက်ပံ့ပေးဖို့ဆိုတာဖြစ်ပါတယ်။ ဒီတစ်ခါတော့ အခြေခံရိက္ခာ ၅ မျိုး ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ ကျွန်တော်တို့ငွေကြေး အိမ်ထောင်စုတိုင်းအိမ်ထောင်စုတိုင်း ငွေကြေးထောက်ပံ့ပို့အစီအစဉ်ဖြစ်ပါတယ်။ ဒီလို ငွေကြေးထောက်ပံ့တဲ့အခါမှာလည်း online payment နဲ့ ဥပမာအားဖြင့် Wave Money တို့၊ KBZ Pay တို့ စသည်ဖြင့်ပေါ့နော် ဒီတယ်လီဖုန်းတွေက တစ်ဆင့် ပေးလို့ရတဲ့ အိမ်ထောင်စုတွေအရောက်ပေါ့နော် တိုက်ရိုက်ပေးလို့ရတဲ့ ငွေကြေးထောက်ပံ့မှုကိုလည်း ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့်ကတေည့ ဒီ ပြီးခဲ့တဲ့ ရိက္ခာ ၅ မျိုး ဝေတုန်းက ၃ ဒသမ ၉၉ သန်းရှိနေပါတယ်။ ဒီဟာကို အခြေခံပြီးတော့ နောက်ထပ် ပိုမိုသေချာအောင် နောက် digital information တွေရအောင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနဲ့ ညှိနှိုင်းပြီးဆောင်ရွက်နေပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ပို့/ဆက် ဝန်ကြီးဌာနရယ်၊ နောက်ဘဏ်ပေါ့နော် ဗဟိုဘဏ်နဲ့ နောက် စီမံ/ဘဏ္ဏာနဲ့ ညှိနှိုင်းပြီးတော့ ဘယ်မြို့ နယ်တွေမှာ ကျွန်တော်တို့ ဘယ် online payment တွေက အဆင်ပြေတယ်။ ဘယ်ဒေသတွေမှာတော့ online payment ကျေးရွာတွေအထိရောက်သလဲပေါ့။နောက်တစ်ချက်က ကျွန်တော်တို့ ဆွေးနွေးနေ တာရှိပါတယ်။ ဒီ online payment လုပ်တဲ့အခါမှာ agent တွေဆီသွားပြီးတော့ တယ်လီဖုန်းထဲမှာပြပေါ့နော်။ ပြပြီးတော့ password တောင်းတဲ့အခါမှာ ရိုက်ထည့်ပြီး ငွေထုတ်တဲ့ agent တွေနဲ့ အခြေအနေကိုလည်း မေးမြန်းနေပါတယ်။ မကြာခင်ကာလမှာလည်း ဒါကို ဆောင်ရွက်သွားဖို့ရှိပါတယ်။

သတင်စာရှင်းလင်းပွဲ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ 

နောက် ၃၁ မိနစ်မှာ သတင်းထောက်ကိုမြတ်သူရရဲ့ အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့ရာမှာ အိမ်ထောင်တစ်စုကို ဘယ်လောက်ထောက်ပံ့ဖို့ စီစဉ်ထားပါသလဲဆိုတဲ့ မေးခွန်းကိုဖြေကြားရာမှာလည်း သမ္မတရုံးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဉီးဇော်ဌေးက ၁ မိနစ်နဲ့ ၃၀ စက္ကန့်ဝန်းကျင် ပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။ ဖြေကြားချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

“ခုက ကျွန်တော်ရှင်းပြသလိုပေါ့နော်။ ဆန်၊ဆီ၊စား၊ကြက်သွန်၊ပဲ အတွက် ကျွန်တော်တို့ ဘီလီယံ ၅၀ ကုန်ကျခဲ့တယ်။ အဲဒါကို ကျွန်တော်တို့က နှုန်းထားက ဘယ်လောက်နဲ့ တွက်လဲ ဆိုတော့ ၁၈၀၀၀ ပေါ့နော်။ ၂၀၀၀၀ လောက်။ ၂၀၀၀၀ မကျော်ဘူး။ ဒေသန္တရပေါက်ဈေးတွေရှိတယ်။ ဒေသအလိုက်တော့မတူဘူး။ အဲဒါ ၂၀၀၀၀ မကျော်ဘူး။  ဒီတစ်ခါကျရင် ကျွန်တော်တို့ လူကြီးတွေ စဉ်းစားနေတာက အခြေခံရိက္ခာဝေတဲ့အခါမှာ ကျွန်တော်တို့က အောက်ခြေမှာလည်း အငြင်းပွားမှုတွေ အများကြီးဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ကြားသိရတယ်။ ဒီအပေါ်မှာ လူကြီးတွေက ကာယကံရှင်တွေကို လက်ဝယ်အရောက် ဘာမှ မဖြစ်မတောက်ဘဲ လက်ဝယ်ရောက်နိုင်မယ့် နည်းလမ်းကတော့ ခုန payment ပေါ့နော်။ ဥပမာ ကျွန်တော်ကနေ ကိုမြတ်သူရဆီကို ပိုက်ဆံလွှဲလိုက်တယ်။ ငွေ ၂ သောင်းလွှဲလိုက်တယ်။ ကိုမြတ်သူရက Wave Money အေဂျင့်ဆိုင်ကိုသွားပြီးတော့ ကျွန်တော်က ပြောလိုက်တဲ့ password နဲ့ ငွေ ၂ သောင်းထုတ်ယုံပဲ။ အဲဒီမှာ သက်ဆိုင်တဲ့ agent fee ပေါ့နော်။ ပမာဏ ကျွန်တော်တို့ ယူတာဖြစ်တယ်။  အဲဒီအပေါ်မှာတော့ ကျွန်တော်တို့က agent တွေ ဒီ online payment တွေနဲ့ ညှိနှိုင်းဖို့ရှိတယ်။ ကျွန်တော်တို့ ကျန်တဲ့ ဝန်ကြီးဌာနတွေနဲ့လည်း ညှိနေတယ်ပေါ့နော်။ အဲတော့ ဒီအပေါ်မှာ transaction သွားတော့မယ်။ အိမ်ထောင်စုတစ်စုကို ကျွန်တော်တို့ မှန်းတာကတော့ ယခင် ဆန်ဆီဆား ကြက်သွန်ပဲပေါ့ ဒီဟာ ပေးအပ်ထောက်ပံ့ခဲ့တာထက် ၂ ဆလောက်ရှိမယ့် ငွေကြေးပမာဏပေါ့နော်။ ဒါကိုတော့ အတည်ဖြစ်ရင် ကျွန်တော်တို့ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ အဲဒီထက် ၂ ဆပမာဏရှိတဲ့ ငွေကြေးပမာဏကို ငွေကြေးအတိုင်းပဲပေါ့နော် လွှဲပြောင်းပြီးတော့ ထောက်ပံ့ပေးဖို့ လျာထားပါတယ်”လို့ ပြောကြားခဲ့ တာတွေ့ရပါတယ်။

ဒီထပ်ဆင့်ရှင်းလင်းချက်ပြောကြားချက် ဗွီဒီယိုဖိုင်အတိုကို Myanmar Now သတင်းဌာနက ပြန်လည်မျှဝေထားကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်တွေအရ  အိမ်ထောင်စုအလိုက် အခြေခံရိက္ခာ ထောက်ပံ့ခဲ့တုန်းက စာရင်းကို အခြေခံပြီး အဆိုပါတန်ကြေးထက် ၂ ဆပမာဏလောက်ရှိတဲ့ ငွေကြေးကိုထောက်ပံ့မယ်လို့ မေ ၁၆ ရက် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမဲ့ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့တဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဒါကြောင့် မှတ်ပုံတင်ရှိ တဲ့နိုင်ငံသား တိုင်းကို ထောက်ပံ့မယ်ဆိုတဲ့ ခေါင်းစဉ်ဟာ နားလည်းမှုလွဲမှားစေဖို့ လှည့်စားထားတဲ့ သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *