
ကွမ်းရွက်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောပြီး စားရင် ကိုဗစ်-၁၉ ရောဂါပျောက်စေတယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။
သို့သော်လည်း ဒီပါဝင်ပစ္စည်းတွေဟာ ကိုဗစ်-၁၉ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထား Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။
“သတင်းကောင်းပါ…နောက်တမျိုးဆေး ကိုဗစ်ဖြစ်နေသူရော…ကိုဗစ်ကာကွယ်သူရော အထူးဆေးရ ပါပြီ. …အခုနည်းပြထားတဲ့…အတိုင်းပြုလုပ်ပါ……ဆား…စနွန်းမှုန့်….ကြက်သွန်ဖြူ…..အဲဒိသုံးမျိုးကိုထဲ့ပြီး….စားပါ….အရည်ကို…..မျိုချပါ…..မနက်…တစ်….နေလယ်…တစ်…ညတစ်ခါ…တစ်နေ့…..သုံးချိန်မီဝဲသုံးဆွဲပါ ကြာကြာ ငုံပြီး….အရည်ကိုမျိုချပေးရင်…ပို၍ ထိယောက်ပါတယ်…….. ယုံယုံကြည်ကြည်နဲ့……ပြုလုပ်ပါ…. ကိုဗစ်ရောဂါ………၃…ရက်ဆို….ပြောက်ကင်းပါသည်……၃..ရက်ဆို….ပိုးသေသွားပြီ တကယ်သေခါပေါက်… ပိုသေတယ်ဗျ…”စသည်ဖြင့် ရေးသားထားတဲ့ပို့စ်ကို “Kyaw Htet Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပျံ့နှံ့မှူအားကောင်းတဲ့ တူညီတဲ့ အရေးအသားနဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- WHO)က အများပြည်သူအတွက်အကြံပြုချက်ထဲမှာ ကိုဗစ်-၁၉ ကို ပျောက်ကင်းစေတယ်၊ ကာကွယ်နိုင်တယ်ဆိုတဲ့ အစားအစာနဲ့ဆေးဖက်ဝင်အပင်မျိုးမရှိသေးဘူးလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ထို့အပြင် ကြက်သွန်ဖြူဟာ ကိုဗစ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့လည်း WHO က ထုတ်ပြန်ထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – WHO | Archive link
ထို့အတူ နနွင်းမှုန့်ဟာ ကိုဗစ်-၁၉ ကို ကုသနိုင်တယ်၊ကာကွယ်နိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားမျိုး မတွေ့ရပါဘူးလို့ WHO က ထုတ်ပြန်ထားပါတယ်။ သို့သော်လည်း အစာအဟာရမျှတစွာ လုံလုံလောက်လောက် စားသုံးမှုကို WHO အနေနဲ့အားပေးပါတယ်လို့လည်း ရေးသားထားပါတယ်။ ကွမ်းရွက်ပြုတ်ဟာလည်း ကိုဗစ်ကို မကုနိုင်ဘူးလို့ အရှေ့တောင်အာရှဒေသဆိုင်ရာ WHO က ၂၀၂၀ ခုနှစ် ဇွန် ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ကို ဆားရည်နဲ့ ပလုပ်ကျင်းခြင်းအားဖြင့် ကာကွယ်နိုင်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက ပျံ့နှံ့ခဲ့ဖူးပါတယ်။ ဆားဟာ လည်ချောင်းနာတာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပေမဲ့ ကိုဗစ်ကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကွမ်းရွက်၊နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားဟာ ကိုဗစ်-၁၉ ရောဂါကို ပျောက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

Title:ကွမ်းရွက်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောနှောစားရင် ကိုဗစ်ပျောက် သလား-အထောက်အထားမရှိပါ
Fact Check By: Nayar MaungResult: Misleading