
မြန်မာနိုင်ငံမှာ ဇူလိုင် ၆ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၁၃ အထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ထဲမှာ ပြည်တွင်းကူးစက်မှုနည်း ပါးပြီး များစုဟာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တာတွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ပြည်ပကပြန်လာသူတွေနဲ့ ပတ်သက်တဲ့ COVID-19 သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေးပန်းစားလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင် ရောက်လာပြီး၊ ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့ကြောင်း မျှဝေခဲ့တာတွေ့ရှိပါတယ်။
“Wai Yan Aung”၊ “Zaw Zaw Oo”စတဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားဟာ တရားဝင်လမ်းကြောင်းကဝင်ရောက်လာသူဖြစ်ပြီး ရန်ကုန်မှာ အများသုံးသယ်ယူပို့ဆောင်ရေး ဘက်စ်ကားကို စီးနင်းခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ သတင်းမှားတွေနဲ့ ပျံ့နှံ့လျက်ရှိတဲ့လူနာအမှတ် ၃၁၁ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဇူလိုင် ၆ ရက်နေ့မှာ ညနေပိုင်းမှာ အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဇူလိုင် ၄ ရက်က အတည်ပြုလူနာ နောက်ထပ် ၇ ဉီးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကြေညာခဲ့ရာမှာလည်း လူနာအမှတ် ၃၁၁ ဟာ အသွားအလာကန့် သတ်စောင့်ကြည့်ထားရှိသူ အဖြစ်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင်ရောက်လာပြီး ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့တယ်ဆိုတဲ့ အချက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Title:COVID-19 လူနာအမှတ် ၃၁၁ ဟာ လာအိုက ခိုးပြန်လာသူဖြစ်ပြီး YBS-90 စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False