
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP)ပါတီအပါအဝင် ၁၆ ပါတီက ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် နိုဝင်ဘာ ၁၁ ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီကို အမေရိကန်က ဒေါ်လာသန်း ၉၅၀ ထောက်ပံ့ခဲ့ တယ်လို့ရေးသားခဲ့တာ တွေ့ရပါ တယ်။
နိုဝင်ဘာလ(၁၁)ရက်က USDP အပါအဝင် ပါတီ ၁၆ ခု ထုတ်ပြန်ချက်မှာပါတဲ့ အပိုဒ် ၁၂ အနက် အပိုဒ် ၇ မှာ အမေရိကန်က ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်လာ သန်း ၉၅၀ ထောက်ပံ့ခဲ့တယ်လို့ ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က အမေရိကန်သံအမတ်ကြီး စကော့မာစီရာက ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်ထုတ်ပြန်အပြီးမှာ လူမှုကွန်ယက် ပို့စ်အများစုမှာ “အမေရိကန်သံအမတ်ကိုယ်တိုင် တရားဝင် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို မထောက်ပံ့ပေမယ့် NLD ပါတီကို ဒေါ်လာသန်း ၉၀၀ ကျော်ထောက်ပံ့ ပေးခဲ့တယ်လို့ တရားခဲ့တာ ခြေဉ အခန်း(၁၀) ပုဒ်မ ၄၀၇ ပုဒ်မခွဲ (ဂ)အရ နာမည်ပျက် ကြေညာဖျက်သိမ်းပါ” စသည်ဖြင့်ရေးသားပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေတာတွေ့ရပါတယ်။
အခုလို ပျံ့နှံ့လျက်ရှိတဲ့ USDP ပါတီရဲ့ ထုတ်ပြန်ချက်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမေရိကန် ဒေါ်လာ သန်း ၉၅၀ ကျော်ထောက်ပံ့တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်သံရုံး ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာ ဖွေကြည့်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်လာ သန်း ၉၅၀ ပေးတယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP)ပါတီထုတ်ပြန်ထားတဲ့ အပိုဒ် ၇ ပါအကြောင်းအရာဖြစ်တဲ့ “၁၀-၄-၂၀၁၉ သတင်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရာက ကြားဖြတ် ရွေး ကောက်ပွဲမှစ၍ အမျိုးသားဒီမိုကရေစီ ဒေါ်လာသန်း ၉၅၀ ထောက်ပံ့ခဲ့သည်ဟုလည်းကောင်း၊ ၂၀၂၀ တွင် ဒေါ်လာ ၄၆ သန်းထောက်ပံ့ခဲ့ကြောင်းနှင့် ယင်းထောက်ပံ့ငွေများအား ရွေးကော်ပွဲကော်မရှင်မှ မရရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်ကိုတွေ့ရရှိပါသည်။”လို့ရေးသားထားပါတယ်။
Google မှာ အဓိကကျတဲ့ စကားလုံးဖြစ်တဲ့ “အမေရိကန် သန်း ၉၅၀” စတဲ့စကားလုံး အချို့ အသုံးပြုရိုက်ရှာ ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ ၂၀၁၉ ဧပြီ ၁၀ ရက်မှာ အမေရိကန်သံရုံးက နေပြည်တော်မှာ အမေရိကန်သံရုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့တာတွေ့ရ ပါတယ်။ နေပြည်တော်မှာရှိတဲ့ Hilton ဟိုတယ်ဝန်းထဲမှာ အမေရိကန် သံရုံးဆက်ဆံရေးရုံး တရားဝင်ပန္နက်ချတဲ့ အခမ်းအနားမှာ အဲဒီအချိန်က အမေရိကန်သံအမတ် စကော့မာစီရာတက်ရောက်ပြီး အဖွင့်အမှာစကားပြောခဲ့ တာတွေ့ရပါတယ်။
ထုတ်ပြန်ချက်ရဲ့နောက်ဆုံးအပိုဒ်မှာ “၂၀၁၂ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့တိုးဆောင်ရွက်ရေးနှင့် သန်းနှင့်ချီသော လူနေမှုဘဝများ ပိုမိုတိုးတက်ရေးတို့အတွက် ဒေါ်လာသန်း ၉၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။ လူပေါင်း ၁.၁ သန်းကျော် စားနပ် ရိက္ခာဖူလုံမှုရရှိခဲ့ပြီး လုပ်ကွက်ငယ်တောင်သူလယ်သမား ၃၀၀,၀၀၀ ကျော်၏ မိသားစုများမှာ ပိုမိုကောင်းမွန်သော နည်းပညာ၊ ဈေးကွက်များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များရရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်ခံစားလွယ်သောလူမှုအသိုက်အဝန်းများအပါအဝင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေမှုများကို ဖြေရှင်းရန်အတွက် ဒေါ်လာ သန်း ၃၀၀ နီးပါးကိုလည်း ၂၀၁၇ နှင့် ၂၀၁၈ ခုနှစအတွင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။”လို့ ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – USEMBASSY | Archive link
အဲဒီအချိန်က မီဒီယာတွေမှာလည်း သံအမတ်ကြီးမာစီရာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပေးအပ် တယ်ဆိုပြီးတော့ ပြောကြားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။
အမေရိကန်ဒေါ်လာ ၄၆ သန်းကိစ္စမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲ လုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက် အကူအညီပေးခဲ့တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ဒေါ်လာမှမရရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်းက နိုဝင်ဘာ ၁၆ ရက်မှာထုတ်လွှင့်ခဲ့တဲ့ MRTV နဲ့ထုတ်လွှင့်ချက်မှာ ရှင်းလင်းထားပါတယ်။ ၁၃ မိနစ်နဲ့ ၃၄ စက္ကန့်ကြာတဲ့ ဒီအင်တာဗျူးထုတ်လုပ်လွှင့်ချက် ရဲ့ ၅ မိနစ် ၃၀ စက္ကန့်မှာ ဦးလှသိန်းက “ဒီဟာကတော့ အမေရိကန်သံရုံးရဲ့ ပြောဆိုမှုကို အဓိပ္ပာယ်ကောက်ယူမှု လွဲတာပါ။တကယ်တော့ အမေရိကန်သံရုံးက ပြောတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတွေ အတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်းအကူအညီပေး တယ်လို့ ပြောတာပါ။ ကျွန်တော်တို့ကို ဒေါ်လာ ၄၆ သန်းပေးတယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့က ၄၆ သန်းပေးတယ်ဆိုတာ ကျွန်တော်တို့ ဝယ်ပေးတဲ့ စက်ပစ္စည်းဖိုးတွေ၊ ကျွန်တော်တို့အတွက် သင်တန်းတွေ၊ အဲဒီသင်တန်းတွေအတွက် ကုန်ကျစရိတ်တွေကို ဒီအထဲက ကျခံတာကိုပြောတာပါ။ ငွေသားအနေနဲ့ ကျွန်တော်တို့ကို တစ်ဒေါ်လာမှ မပေးပါဘူး။ အဲဒါကို တစ်ချို့ ပုဂ္ဂိုလ်တွေကို ဒေါ်လာ ၄၆ သန်းလုံးရရှိတယ်လို့ ထင်မြင်ချက်ပေးတာပါ။ ကျွန်တော်တို့ ဒါက ငွေသားအနေနဲ့ တစ်ဒေါ်လာမှမရပါဘူး။”
အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုး ညွှန့်ကို အခုလို ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။
“သေချာတာတော့ ကျွန်တော်တို့က နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခုက လှူဒါန်းတဲ့ငွေကို လက်ခံခွင့်မရှိပါဘူး။ ကျွန်တော်တို့မှာ လက်ခံထားတာလည်းမရှိဘူး။ လက်ခံတဲ့ငွေတိုင်းကိုလည်း ကျွန်တော်တို့က အလှူခံဖြတ်ပိုင်းတွေနဲ့ စနစ်တကျ လက်ခံတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ဒီလို လက်ခံခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းမျိုးလည်း လုံးဝမရှိပါဘူး။ ဒါမမှန်မကန်စွပ်စွဲတာပဲဖြစ်တယ်”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အမေရိကန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သန်း ၉၅၀ ထောက်ပံ့ခဲ့တယ်ဆို တဲ့အချက်ဟာ အထောက်အထားမတွေ့ရဘဲ ဒေါ်လာ ၄၆ သန်းဟာလည်း ရွေးကောက်ပွဲကော်မရှင်လုပ်ငန်း တွေအတွက် အမေရိကန်သံရုံးဘက်က ကျခံသုံးစွဲမှုသာဖြစ်တာတွေ့ရပါတယ်။

Title:ပြည်ခိုင်ဖြိုးအပါအဝင် ၁၆ ပါတီထုတ်ပြန်ချက်ဘာမှားနေသလဲ
Fact Check By: Nayar MaungResult: Misleading