ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာက Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို ဇူလိုင် ၂၇ ရက်က PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ ဖြန့်ဝေနေတဲ့ ပြောဆိုချက်တခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ပုပ္ပါးနဲ့ ပုဂံဒေသတစ်ဝိုက်မှာ အပန်းဖြေလာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ဘဝလုံခြုံရေးဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာနေပြီလဲ။ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို ဇူလိုင် ၂၇ ရက်က PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ PDFအဖွဲ့ အင်အား (စိစစ်ဆဲ) က မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး အဆိုပါ Popa Garden Resort Hotel ၌ ရောက်ရှိတည်းခိုနေကြသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဦးဝေလင်းထိုက် (၃၆) နှစ်၊ မအေးသန္တာမိုး (၂၀) နှစ်၊ မောင်သူရိန်ကျော် (၂၇) နှစ်၊ ဦးသိန်းထွန်း (၅၈) နှစ်၊ ဦးစိုးကျော်သူ (၃၀) နှစ်၊ ဦးညွန့်ထွေး (၃၀) နှစ်၊ ဦးဇင်မင်းဟိန်း (၃၆) နှစ်၊ မောင်အာကာ (၁၆) နှစ်၊ ကျောက်တန်းမြို့နယ်နေ ဦးဖြိုးဇင်ဦး (၃၁) နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ဒေါ်နန်းနန်းအေး (၅၇) နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ မောင်ဖြိုးဝေကျော် (၂၅) နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖ်မ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ခြိမ်းခြောက်ငွေညှစ်ရန် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေပြီး၊ အပြစ်မဲ့ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ လုပ်ရပ်တွေအပေါ် လူထုအကြား ဝေဖန်ရှုတ်ချမှုများ ရှိနေသည်။ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ခရီးသွားလာသူများပါ ဘေးကင်းလုံခြုံမှု ကင်းမဲ့လာနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။”

အချက်အလက်စိစစ်ချက်
ပုပ္ပါးကျေးရွာရှိ Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို ဇူလိုင် ၂၇ ရက်က အမည်မသိရတဲ့ လက်နက်အဖွဲ့တခုရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတဲ့အကြောင်း သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အမည်ကို အတည်ပြု ထားခြင်းမရှိပါဘူး။ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဒီလုပ်ရပ်ဟာ PDF လက်ချက်လို့ စွပ်စွဲထားပြီး အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့ကတော့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က ဖြစ်နိုင်တယ်လို ပြန်လည် စွပ်စွဲထားပါတယ်။
(ဒီလင့်ခ်၊ ဒီလင့်ခ်မှာ ကြည့်ပါ)
ဒီလိုအခြေအနေမှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ PDF အမှတ်တံဆိပ်နဲ့ ဟိုတယ်ထဲက လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံကို စိစစ်ကြည့်ရာမှာတော့ Google AI အသုံးပြုပြီး ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်
ကျောက်ပန်းတောင်း ပုပ္ပါးကျေးရွာက ဟိုတယ်တခုမှာ တည်းခိုနေတဲ့ ခရီးသွား ၁၁ ဦးဟာ လက်ရှိအချိန်အထိ အဆက်အသွယ်ပြက်တောက်ပျောက်ဆုံးနေပြီး ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အတည်ပြုချက်မရှိချိန်မှာ PDF က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရတယ်။

