Fact Check: အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံ အဆင်းရဲဆုံးလား

Misleading စီးပွားရေး | Economy

အရှေ့တောင်အာရှ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင်းရဲဆုံးဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပို့စ်မှာ “ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်သော ဆင်းရဲချမ်းသာစာရင်းအရ အရှေ့ တောင် အာရှ ၁၁ နိုင်ငံတွင်  အဆင်းရဲ့ဆုံးနိုင်ငံအဖြစ် မြန်မာအဆင့် တစ်ချိတ်”လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံမှာ လူတစ်ဦးချင်း ဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်ပေမဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာပါဝင်တဲ့ တီမောနိုင်ငံထက် ဝင်ငွေမြင့်တာတွေ့ကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ 

“(၅)နှစ်တောင်မပြည့်ခင် ဒီဘဝရောက်ခဲ့ပြီ ထပ်ပြီးအားကိုးချင်သေးလား” လို့ရေးသားပြီး အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က “Ohn Myint” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊  ဒီနေရာ နဲ့ ဒီနေရာမှာလည်း အလားတူမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတဲ့ အချက်အလက်တွေဟာ ၂၀၁၉ ခုနှစ် အောက် တိုဘာ ၂၂ ရက်က  Oishimaya Sen Nag အမည်နဲ့အမျိုးသမီးစာရေးဆရာမရေးသားတဲ့ worldtlas.com က ဆောင်းပါးတစ်ပုဒ်က အချက်အလက်တွေကို မျှဝေနေကြတာဖြစ်ပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

ဆောင်းပါးမှာပါတဲ့ ရေးထားတဲ့အချက်အလက်တွေကို လေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ မျှဝေနေသလို ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက် အရဆိုပြီးတော့ ဖော်ပြထားခြင်းမရှိသလို ဘယ်ကရတယ်ဆိုတဲ့ အထောက်အထား မျိုးဖော်ပြထားခြင်းမရှိတာတွေ့ရပါတယ်။  ဆောင်းပါးရှင် Oishimaya Sen Nag ကိုလေ့လာကြည့်ရာမှာ ဇီဝကမ္မနဲ့ ဒေါက်တာဘွဲ့ရထားသူ တစ်ဦးဖြစ်ပြီး အလွတ်တန်းစာရေးသူတစ်ဦး အဖြစ်ဖော်ပြထားပါတယ်။

ကမ္ဘာဘဏ်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်နဲ့ ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်တွေကို ၂၀၂၀ ခုနှစ် ဇွန်လရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ထို့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ နိုင်ငံအလိုက် နှစ်အလိုက် လူတစ်ဦးချင်းဝင်ငွေကို ဒီနေရာမှာ ဝင်ရောက်ရှာဖွေကြည့်နိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ နိုင်ငံအလိုက် တစ်ဦးချင်းဝင်ငွေစာရင်းကို ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးထုတ်ပြန်ထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပျှမ်းမျှတစ်ဦးချင်းဝင်ငွေဟာ ဒေါ်လာ ၁၄၀၇ ဒသမ ၈ ရှိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ်မှာ တီမောနိုင်ငံ့ရဲ့ ပျှမ်းမျှတစ်ဦးချင်း ဝင်ငွေဟာ ၁၂၉၄ ဒသမ ၂ ပဲရှိတာတွေ့ရပါတယ်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံရဲ့ နှစ်အလိုက် ပျှမ်းမျှ လူတစ်ဦးချင်းဝင်ငွေ ကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတွေအရကြည့်မယ်ဆိုရင်လည်း တီမောနိုင်ငံဟာ ဒီဆောင်းပါးမှာ ဖော်ပြထားသလို ပျှမ်မျှလူတစ်ဦး ချင်းဝင်ငွေ ဒေါ်လာ ၂၄၃၅ အထိရှိခဲ့တာမျိုး မတွေ့ရပါဘူး။

 ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ဆိုပြီးတော့ မျှဝေနေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ ပြင်ပရေးရာဆက်ဆံရေးအရာရှိ ဦးကျော်စိုးလင်းကို ဆက်သွယ်အတည်ပြုရာမှာ Fact Crescendo Myanmar ကို အောက်ပါအတိုင်းဖြေကြားပါတယ်။

“၁) ကမ္ဘာ့ဘဏ် မည်သည့် ဆင်းရဲချမ်းသာ စာရင်း (သို့မဟုတ်) အစီရင်ခံစာ လတ်တလော ထုတ်ပြန်ထားခြင်း မရှိပါ။

(၂) ကမ္ဘာ့နိုင်ငံများအလိုက် GNI Per Capita စာရင်းအား ယခု စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

https://data.worldbank.org/indicator/NY.GNP.PCAP.CD?view=map

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ Oishimaya Sen Nag အမည်နဲ့အမျိုးသမီးစာရေးဆရာမရေးသားတဲ့ worldtlas.com မှာ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်က မျှဝေထားတဲ့ တိကျမှုမရှိတဲ့ရေးသားချက်ကို အခြေခံမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ၁၀နိုင်ငံမှာ လူတစ်ဦးချင်းအနိမ့်ဆုံး ဖြစ်တာမှန်ပေမဲ့ တီမောနိုင်ငံထက် တစ်ဦးချင်းဝင်ငွေပိုများတာတွေ့ရပါတယ်။

Avatar

Title:အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံ အဆင်းရဲဆုံးလား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *