Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။

ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။

သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုအကြောင်းအရာတူပျံ့နှံ့ခဲ့တဲ့ပို့စ်တွေရဲ့ ပျံနှံ့မှုပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ အများအပြားတွေ့ရပါတယ်။  အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုရှာဖွေကြည့်ရာမှာလည်း အထက်ပါအ ကြောင်းအရာနဲ့ ထပ်တူကျတဲ့ ရန်ကုန်မီဒီယာဂရုက ရလာဒ်မျိုးမတွေ့ရဘဲ အလားတူဖေ့စ်ဘွတ်ပို့စ်အချို့ကို ထပ်မံတွေ့ရပါတယ်။

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ထပ်မံ ရှာဖွေကြည့်ရာမှာ ရန်ကုန်တိုင်းမ်ဂျာနယ်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ ရပ်ဆိုင်းခဲ့ပြီး Yangon Media Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အဓိက သတင်း တင်ဆက်ခဲ့တာတွေ့ရပါတယ်။ဒီစာမျက်နှာမှာလည်း တူညီတဲ့ ရလာဒ်တစ်စုံတစ်ရာမတွေ့ရပါဘူး။

တောင်ဉက္ကလာပမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နာမည်ကို ရှာဖွေကြည့်ရာမှာ ဦးထွန်းငွေအမည်နဲ့ မရှိတာကိုလည်း Fact Crescendo Myanmar ကသတိပြုမိပါတယ်။ လက်ရှိတောင်ဉက္ကလာပမြို့နယ်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)က ဒေါ်သစ်သစ်မြင့်ကို ဆက်သွယ်အတည်ပြု ရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။

“ကျွန်မတို့ဆီက လွှတ်တော်ကိုယ်စားလှယ်ကတော့ ၂၀၁၀ကလည်း အဲဒီနာမည်မကြားဘူးဖူး။ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်မှာလည်း ကျွန်မတို့ တောင်ဉက္ကလာမှာ လေးယောက်ထဲရှိတာကိုး။ မရှိပါဘူး။ အခုတက်လာမယ့် နောင်လာမယ့်လူတွေထဲမှာလည်း ဒီနာမည်မရှိပါဘူး။”

Google မှာအခုလို ပျံ့နှံလျက်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တုတွေကို ထပ်မံရှာဖွေကြည့်ရာမှာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ဒေါ်အောင်ဆန်း စုကြည်ရုပ်တုကို ထည့်သွင်းတည်ထားခဲ့တုန်းက ဖြစ်တာကို သတင်းရင်းမြစ်တွေက တူညီစွာဆိုကြပါတယ်။ ဒီလင့်ခ်မှာလည်းလေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် –  daydaynews  |  Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေကပြောတယ်ဆိုတဲ့ အချက်အလက်ဟာ သတင်းတုဖန်တီးထားခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ရန်ကုန်နာရေးကူညီမှုအသင်းဉက္ကဌ သရုပ်ဆောင် ဦးကျော်သူ တည်ထားကိုးကွယ်ထားတဲ့ ပြည်မြို့က ပရဟိတစေတီဝန်းအတွင်းက ဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *