Fact Check: ၄ တန်းပဲအောင်တဲ့ လှိုင်မြို့နယ် NLD အမတ်အဖြစ် သတင်းမှား ဖြန့်

False လူမှုရေးရေး

ဘွဲ့ရကျောင်းအုပ်ကြီးနှင့် ၄ တန်းအောင်လွှတ်တော်အမတ်ဆိုပြီးတော့ ပို့စ်တစ်ခုရေးသားလျက်လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။

“လွှတ်တော်အမတ်လုပ်ချင်တယ်ဝေ့”လို့ ခေါင်းစဉ်တပ်ပြီးရေးသားထားတဲ့ ဒီပို့စ်မှာ နိုင်ငံရေး တိုက်ခိုက်မှု အသုံးအနှုန်းအချို့နှင့်အတူ ၄ တန်းအောင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်လကို ၁၆ သိန်း လောက်ရနေပေမဲ့လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ နေ့တွက်သာရကြတဲ့အကြောင်း ရေးသားထားပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရင်ထိုးတံဆိပ်၊ ပင်နီဝတ် အမျိုးသားတစ်ဦးကို ၄ တန်းအောင်အမတ်လို့ ရေးသားထားပြီး ၄◌င်းနှင့်အတူ ရပ်နေတဲ့ အင်္ကျီအဖြူဝတ် ခပ်ယို့ယို့အမျိုးသား တစ်ဦး ကိုတော့ ဘွဲ့ရကျောင်းအုပ်လို့ရေးသားထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်းတွေ့ရပါတယ်။ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

“လွှတ်တော်အမတ် #ပုံမှန်လစာ တလ….၁၀ သိန်း

လွှတ်တော် #နေ့တွက်စားရိတ် တရက်၂ သောင်း(တလလျှင် ၆သိန်း)

#စုစုပေါင်း (တလ ၁၆သိန်း× ၅နှစ်~ ၆၀ လ) =တရားဝင် ၉၆၀ သိန်း

လွှတ်တော်နားတဲ့ရက်အနည်းငယ် နေ့တွက်စားရိတ်မရတာလျော့ဦးတော့ သိန်း (၈၅၀) လောက်တော့အေးဆေးပဲ

#အားပါးပါး

၄ တန်းအောင်အဆင့်နဲ့ ထမိန်ခြုံလိုက်ရင် အစိုးရတဆက်ဆို သိန်း ထောင်ဂဏန်းနီးပါး ပိုက်မိသွားပြီဝေ့

(ဒါတောင်ဘေးပေါက်တွေထည့်မတွက်ရသေးဘူး…….

#ဥပမာ….လွှတ်တော်ထဲမေးမည့် အချို့မေးခွန်းက ဝိသမလောဘစီးပွားရေးသမားကြီးတွေကို ထိခိုက်စေ မယ်ဆိုရင် မေးခွန်းဖြုတ်ပေးပြင်ပေးခ သိန်းပေါင်းများစွာ မပါသေးဘူးတဲ့ဝေ့)”လို့ရေးသားပြီး “Saw Yiway” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံထဲက ပင်နီဝတ်ဆင်ထားသူဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လှိုင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းဖြစ်တာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အချက်အလက်တွေအရ ၂၀၂၀ ခုနှစ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံ အရွေးချယ်ခံခဲ့ရတဲ့ ဉီးကျော်ကျော်ထွန်းဟာ သင်္ချာဘာသာရပ်ဘွဲ့ရဖြစ်ပြီး နောက်ထပ် ဒီပလိုမာ ၂ ခုလည်း ထပ်မံရရှိထားပါတယ်။

မူရင်းလင်ခ့် –  Mvoterapp |  Archive link

ဦးကျော်ကျော်ထွန်းကို ထပ်မံဆက်သွယ်အတည်ပြုရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး Fact Crescendo Myanmar ကို အတည်ပြုပါတယ်။ ဒီဓာတ်ပုံရဲ့ အစဟာ ကျောင်းအုပ်ကြီးတစ်ဦးကို ဒေါ်အောင်ဆန်းစု ကြည်ပုံပါတဲ့ ပြက္ခဒိန်ပေးရာမှာ မယူရဲရာကနေ စပြီး တိုက်ခိုက် ဖြန့်ဝေတာကနေ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အကြောင်းအရာမျိုးစုံ ပုံစံမျိုးစုံနဲ့ နှစ်စဉ်ပျံ့နှံ့နေတဲ့ဖြစ်စဉ်ဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။ 

“အဲဒီနေ့က အမက ၂၉ ကျောင်းအုပ်ကြီးကို ကလေးတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပြက္ခဒိန် လာပေးတယ်။ ဟိုတုန်းက ကျောင်းအုပ်ကြီးတွေဆိုတော့ နည်းနည်းလန့်တယ်။ ၂၀၁၇ ခုနှစ်လောက်က ဖြစ်တာ။ ကျွန်တော်တို့ အာဏာရစဆိုတော့ သူတို့ကလည်း ဟိုလိုလို ဒီလိုလိုဖြစ်နေတာပေါ့။ ဝန်ထမ်းတွေဆိုတော့ ရှေ့ အစိုးရလည်းကြောက်နေတာ။ ဒါပေမဲ့ အမေစုလည်းချစ်တယ်။ အဲလိုပေးတာမယူချင်ဘူးဘာ ညာပြောလိုက်တာ။ သမ္မတကြီးပုံကလည်း ဉီးထင်ကျော်ပုံပါပဲလို့ သူက ပြောတယ်။ အဲဒါကို ဘာလုပ်လိုက်တာလဲဆိုတော့ အဲဒီနားက တရုတ်လေ ထွန်းထွန်းဆိုတဲ့ကောင်လေးက သူပေးခိုင်းတာ။ ဒေါ်စုပုံကို ငြင်းရမလားဆိုပြီးတော့ စိတ်ဆိုးပြီးတော့ ဒီကျောင်းအုပ်ကြီးကို ပို့စ်တင်ပြီးတော့ရေးတာ။ ဒီကျောင်းအုပ်ကြီးက ဒီလိုဒီလိုတွေလုပ်တယ်ပေါ့။ သမ္မတပုံ ကလည်း ဦးသိန်းစိန်ပုံကြီးပဲ ကပ်ထားတာဘာညာဆိုပြီးတော့ လုပ်တော့ အဲဒီညကပဲ ပညာရေးမှူးက လည်း ကျွန်တော်ဆီကို ဆက်တယ်။ ကိုကျော်ထွန်းရေလုပ်ပါဦး။ ကိုကျော်ထွန်း ဘက်အခြမ်းမှာ အဲလို အဲလိုပဲ ဆိုတော့ အဲဒီမှာလည်း Fake news ပုံစံမျိုးတက်လာတော့ ကျောင်းအုပ်ကြီးကို ဝိုင်းဆဲကြတာ”

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ၄ တန်းအောင်အမတ်အဖြစ်မျှဝေနေတဲ့ ဓာတ်ပုံဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လှိုင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်က  လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းဖြစ်ပြီး အချက်အလက်မှားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:၄ တန်းပဲအောင်တဲ့ လှိုင်မြို့နယ် NLD အမတ်အဖြစ် သတင်းမှား ဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *