
သမ္မတကတာဝန်ပေးလို့ လုပ်ခဲ့တာဖြစ်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက သူနဲ့မဆိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ဉက္ကဌက ပြောကြားခဲ့တယ်လို့ ပြောဆို ရေးသားနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ နိုဝင်ဘာ ၂၃ ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဉက္ကဌဦးလှသိန်းပုံနှင့်တကွ ဓာတ်ပုံပို့စ်မှာ “နိုင်ငံတော်သမ္မတရဲ့ တာဝန်ပေးချက်အရ ဗဟို UEC မှာလုပ်ခဲ့၊ အောက်ခြေက ပြဿနာ ကျွန်တော်တို့နှင့်မဆိုင်ပါ”လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။
ဒီရေးသားမျှဝေချက်ဟာ သတင်းတုဖြစ်ပြီး ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ဉက္ကဌ ဉီးလှသိန်းအနေနဲ့ အခုလိုပြောကြားခဲ့တဲ့အထောက်အထားမျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ ရှိရပါဘူး။
“ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က အောက်ခြေက ကိစ္စသူ နဲ့ မဆိုင်ဘူး ဆိုဖဲခင်ဗျား ကို ဒီတိုင်းပြည်အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲ ကျင်းပ ဖို့တာဝန် ပေးထားတာဒီတာဝန် ကြောင့်ပဲ ဝန်ကြီးတစ်ပါး ရဲ့ လစာ အ ဆောင် အ ယောင်အတိုင်းပြည်သူတွေက ပေးထားတာ မဟုတ်လားအောက် ခြေက ဖြစ်ဖြစ် အထက် ခြေက ဖြစ်ဖြစ် တာဝန်ယူ ရမှာ ရှောင်လို့ မရဘူးကို့ ဆရာ ။ အောက်ခြေက ဖြစ်လို့ ကျုပ်နဲ့ မဆိုင်ဘူး ဆို တော့ ခက်p အခု ပြသနာ တွေက ရွေးကောက်ပွဲ ကို လက်မခံ ကြတာ မဟုတ်ဘူး။ မတရားနည်းနဲ့ မသမာမှု လုပ်ရပ် တွေကို လူထုက လက်မခံ ကြတာ ဖြစ်တယ်။ ဘော်လီ ဘော နည်းနဲ့ က တော့ ဖြေရှင်း ၍ ရမည်မဟုတ်ပါ။” (မူရင်းအရေးအသားအတိုင်းဖော်ပြထားခြင်းဖြစ်သည်)လို့ ရေးသားပြီး “Kyaw Swar” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာကျော်ရှိခဲ့ ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့တူညီစွာ ရေးသားမျှဝေမှုနဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလို လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါတဲ့ အဓိကကျတဲ့ စကားလုံးအချို့ဖြစ်တဲ့ “နိုင်ငံတော်သမ္မတရဲ့ တာဝန်ပေးချက်အရ ဗဟို UEC မှာလုပ်ခဲ့”၊“အောက်ခြေက ပြဿနာ ကျွန်တော်တို့နှင့်မဆိုင်ပါ” စတဲ့ စကားလုံး တွေအသုံးပြုပြီး သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ရှာဖွေကြည့်ရာမှာ အင်တာဗျူး သို့မဟုတ် သတင်းတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
ထို့အပြင် ရွေးကောက်ပွဲပြီးကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအနေနဲ့ အစိုးရပိုင် မီဒီယာလုပ်ငန်းဖြစ်တဲ့ MRTV ကလွဲပြီး အခြားအင်တာဗျူးပေးခဲ့တာမျိုးလည်းမတွေ့ရှိရပါဘူး။ အခုပို့မှာ ဖော်ပြ ထားတဲ့ ဓာတ်ပုံဟာလည်း နိုဝင်ဘာ ၁၆ ရက်မှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် တွေ့ဆုံမေးမြန်းခြင်း”ဆိုတဲ့ MRTV အစီအစဉ်ရုပ်သံက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
၁၃ မိနစ် ၃၄ စက္ကန့်ကြာမြင့်တဲ့ ဒီထုတ်လွှင့်ချက်မှာ MRTV သတင်းဌာနက အစီအစဉ်တင်ဆက်သူက ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့မှုအခြေအနေ၊ ဆန္ဒမဲလာပေးသူအရေအတွက်၊ အမေရိကန်သံရုံးက ဒေါ်လ ၄၆ သန်းကိစ္စ၊ မဲတံဆိပ်တုံးအတုကိစ္စ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆက်ဆံရေး၊ ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှု၊ တိုင်းကြားမှု စတဲ့ မေးခွန်း ၆ ခုကို မေးမြန်းခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်းက ပြန်လည်ဖြေကြားရာမှာ သမ္မတနဲ့ပတ်သက်တဲ့အသုံးအနှုန်း၊ အောက်ခြေဝန်ထမ်းတွေရဲ့အခြေ အနေနဲ့ပတ်သက်တဲ့ ပြောကြားချက်မျိုးမပါရှိတာ တွေ့ရပါတယ်။
ပထမဆုံးမေးခွန်းဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ပြောကြားရာမှာ စံ ၅ ချက်နဲ့ ကျင်းပခဲ့ကြောင်းပြောကြားခဲ့ပြီးနောက်မှာ ဦးလှသိန်းက “ ကျွန်တော်အနေနဲ့ကတော့ လွှတ်တော်မှာ ကျွန်တော့ကို ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ပေးမယ်လို့ အဆိုပြုစဉ်က ကျွန်တော့မှာ ပြင်းပြတဲ့ ဆန္ဒတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်သူ့ ဆန္ဒနဲ့ ရွေးကောက်ပွဲရလာဒ်တစ်ထပ်တည်းကျအောင် ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့ ဆန္ဒပါ။အခု နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပေးတဲ့ ဒီရွေးကောက်ပွဲမှာ ဒီသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အားလုံး ၁၁၁၇ ဉီးအတွက် ကျွန်တော်တို့ ရလာဒ်တွေ ထုတ်ပြန်ပေးခဲ့ပါပြီ။ ဒီရလာဒ်တွေဟာ ပြည်သူဆန္ဒနဲ့ တစ်ထပ်တည်းကျ မကျဆိုတာကတော့ မဲဆန္ဒရှင် ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
နောက်ဆုံးမေးခွန်းဖြစ်တဲ့ တရားမဲ့ပြုကျင့်မှု၊ တိုင်းကြားနိုင်မှုအခြေအနေတွေကို မေးမြန်းရာမှာလည်း “ကျွန်တော်တို့ ဒီရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကိုတော့ ရွေးကောက်ပွဲရလာဒ် ကြေညာပြီးနောက်ပိုင်း ၄၅ ရက်အတွင်း ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမှာဖြစ်ပါတယ်။ ယခုအချိန်အထိတော့ ကျွန်တော်တို့လက်ဝယ် တိုင်ကြားစာတစ်စောင်မှ ရရှိခြင်းမရှိသေးပါဘူး”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – MRTV | Archive link
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ “လွှတ်တော်ရွေး ကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်းအသိပေး ကြေညာခြင်း”ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက်တွေမှာ ကော်မရှင်အဖွဲ့ဝင်တွေကို အရေးယူထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ပြောကြားချက်အဖြစ် မျှဝေနေတဲ့ ကို “နိုင်ငံတော်သမ္မတရဲ့ တာဝန်ပေးချက်အရ ဗဟို UEC မှာလုပ်ခဲ့၊ အောက်ခြေက ပြဿနာ ကျွန်တော်တို့နှင့် မဆိုင်ပါ”ပို့စ်ဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Title:သမ္မတက တာဝန်ပေးလို့ လုပ်တာ၊ အောက်ခြေမှာဖြစ်ပျက်နေတာ တွေ သူနဲ့မဆိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်း ပြောခဲ့သလား
Fact Check By: Nayar MaungResult: False