
ရွေးကောက်ပွဲရှုံးပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေး နုတ်ထွက်တော့ မယ်လို့ ပြောကြားထားတဲ့ ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ သောင်းဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲမှာ အရှုံးရလာဒ်ကို လက်ခံဖို့ပြောခဲ့တဲ့ ဦးရဲထွဋ်ပြောဆိုချက်ဟာ မပြောသင့်တာပြောတဲ့ ပါတီက ထုတ်ပယ်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲအရှုံးကြောင့် သူကိုယ်တိုင်းလည်း ဦးသန်းဌေးက နုတ်ထွက်မှာ ဖြစ်တယ်ဆိုပြီးတော့ ပြောဆိုထားတာဖြစ်ပါတယ်။
ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ မှန်ကန်မှုမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်ကလည်း သတင်းမှားဖြစ်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုပျံနှံ့လျက်ရှိတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို ကူးယူပြီး ဗွီဒီယိုအသံဖိုင်နဲ့ ပြန်လည်ဖော်ပြလေ့ရှိတဲ့ Khit Thit အမည်နဲ့ ယူကျူအကောင့်မှာ နိုဝင်ဘာ ၁၃ ရက် ကစတင်ပျံ့နှံ့ခဲ့ တာတွေ့ရ ပါတယ်။ သို့သော်လည်း မီဒီယာလုပ်ငန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တရားဝင်သတင်းဌာနတွေမှာ ဒီလို သတင်းဖော်ပြချက်မျိုးမတွေ့ရှိရပါဘူး။
ထို့အပြင် နိုဝင်ဘာ ၁၉ ရက်က “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၏ ပြည်သူများသို့ ပန်ကြားချက်”ဆိုပြီး ပါတီဉက္ကဌ ဦးသန်းဌေးရဲ့ရွေးကောက်ပွဲအပြီးနောက်ဆက်တွဲအနေနဲ့ ပါတီက ဆောင်ရွက်နေ တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြချက် ဗွီဒီယို ကို ပါတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Union Solidarity and Development Party”ကနေ ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။
အရှုံးရလာဒ်ကို လက်ခံဖို့ပြောတဲ့ ဦးရဲ့ထွဋ်ရဲ့ ပြောကြားချက်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဉက္ကဌ ဦးသန်းဌေး ပြစ်တင်လိုက်ပြီး ပါတီကနေ ထုတ်ပယ်လိုက်တယ်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အရှုံး ရလာဒ်အတွက် သူကိုယ်တိုင်လည်း နုတ်ထွက်တော့မယ်ဆိုပြီးတော့ ရေးသားမျှဝေချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်ကလည်း Fact Crescendo Myanmar ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။
“ဒါသတင်းမှားပါပဲ။ အဲဒါကျတော့ ပြောချင်တာဘာလဲဆိုတော့ အဲလို သတင်းမှားတွေ လူမှုကွန်ယက်မှာ အများ ကြီး ပျံ့နှံ့တယ်။ အခုမှမဟုတ်ဘူး။ အားကောင်းကောင်းနဲ့ကို ကျွန်မတို့က ပုံဖျက်ခံရနေရတာပေါ့ ကျွန်မတို့ ပါတီက။ သတင်းမှားတွေ တိုက်ဖျက်ပါတယ်ဆိုပြီးတော့ အစိုးရကလည်း ဒါထိန်းချုပ်တဲ့ ကိစ္စတွေ သူတို့လည်း လုပ်နေတယ်။ သို့သော်လည်း ဘယ်သတင်းမှားကို တိုက်ဖျက်နေတာလဲတော့ ကျွန်မတို့လည်း မသိဘူး။ ကျွန်မတို့က ဒီလိုမျိုး ပုံရိပ်ဖျက်ခံရတဲ့ဟာက ပြဿနာတော့ အကြီးကြီးပဲပေါ့။ ဒါက စဉ်းစားတတ်တဲ့ သူတွေဆိုရင်တော့ သတင်းမှားဆိုတာ လူတိုင်းသိတယ်။ သို့သော်လည်းပဲ ရိုးသားတဲ့လူတွေ ဖြူစင်တဲ့သူတွေကို ကောက်ကျစ်တဲ့ လိမ်ညာတဲ့အဖွဲ့အစည်းကလူတွေက လုပ်ကြံတာပေါ့။ ဒါက ဘာလဲဆိုရင် မြန်မာနိုင်ငံမှာ လူမှုကွန်ယက်ကို ကောင်းကောင်းကြီး အသုံးချပြီးလုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ကောက်ကျစ်ယုတ်မှာတဲ့ ကိစ္စတွေ လုပ်နေတာပေါ့”
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အရှုံးရလာဒ်ကို လက်ခံဖို့ပြောတဲ့ ဦးရဲထွဋ်ကိုပါတီကထုတ်ပယ်တယ်၊ သူကိုယ်တိုင် လည်း အရှုံးအတွက် ရာထူးကနေ နှုတ်ထွက်မယ်ဆိုတဲ့ အချက်အလက်ဟာ သတင်းတုသတင်းမှားတာတွေ့ရပါတယ်။

Title:USDP ဉက္ကဌ ဦးသန်းဌေးနုတ်ထွက်တော့မယ်လို့ သတင်းမှား ဖြန့်ဝေနေ
Fact Check By: Nayar MaungResult: False