
ဆီးချိုရောဂါကို ကုသနိုင်တယ်လို့ကြော်ငြာရောင်းချနေတဲ့ Gluco Pro ဆိုတဲ့ အမှတ်တံဆိပ်ထုတ်ကုန်ဟာ အတုအယောင်ပြောဆိုဖန်တီးချက်တွေနဲ့ မြန်မာဘာသာအသုံးပြုသူတွေအကြားကြော်ငြာရောင်းချနေတာ Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ မကြာခဏ အတုအယောင်ရေးဖြန့်မှုတွေနဲ့ကြော်ငြာလေ့ရှိတဲ့ Gluco Pro ဟာ အခုတစ်ခေါက်မှာတော့ စစ်တပ်ခန့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဓာတ်ပုံတစ်ပုံနှင့်အတူဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။
“13.12.2022 နိုဝင်ဘာ ၂၃၊ ၂၀၂၂ တွင် ဆီးချိုရောဂါကာကွယ်ရန်အတွက် သတ်မှတ်ထားသောခွဲတမ်းကို အတည်ပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်။”လို့ ရေးသားပြီး “ဤဆုံးဖြတ်ချက်ကို စတင်ခဲ့သူမှာ endocrine ဂလင်းများနှင့် ဟော်မုန်းများ ချို့ယွင်းချက်များကို ရောဂါရှာဖွေ ကုသရန် အရည်အချင်းပြည့်မီသော ဆေးပညာရှင် အကြီးအကဲ Aisha Umarov ဖြစ်သည်။”လို့လည်းရေးသားထားပါတယ်။
ဆေးပညာရှင်ရဲ့ ဓာတ်ပုံနဲ့အတူ သူ့မအမြင်အရတော့ အာဏာပိုင်တွေက ကျွန်မတို့နိုင်ငံရဲ့ လူဦးရေအများစု အတွက် ထိရောက်တဲ့ဆေးဝါးတွေ မရရှိနိုင်တာကို အာရုံစိုက်သင့်တယ်လို့လည်း ဒီဘလော့ဂ်ပို့စ်မှာ ရေးသားထားပြီး Gluco Pro ဟာ ဆီးချိုရောဂါသည်တွေအတွက် အစွမ်းထက်တယ်လို့လည်း ဆိုပါတယ်။ အောက်ပါ screenshot မှာ ဒီလိုမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်ရဲ့အစိတ်အပိုင်းကိုမြင်တွေ့ရပါတယ်။

မူရင်းလင်ခ့် – Web link | Archive link
အချက်အလက်စိစစ်ချက်
Gluco Pro ဟာ ဆီးချိုရောဂါကုသနိုင်ပြီး အစွမ်းထက်တယ်လို့ဆိုထားပြီး ပြောဆိုချက်အတုတွေ၊ အပြင်လောကမှာ အမှန်တကယ်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ဆက်တိုက်ဖြန့်ဝေခဲ့ တာတွေ့ရပါတယ်။ Fact Crescendo Myanmar က ပြီးခဲ့တဲ့ ၃ လအတွင်း အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်နိုင်ပါတယ်။
အခုဘလော့ဂ်ပို့စ်မှာ အသုံးပြုထားတဲ့ စစ်တပ်ခန့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဓာတ်ပုံကိုလည်း ဒီလင့်ခ်မှာတွေ့ရပါတယ်။(archive link ကို ဒီလင့်ခ်မှာကြည့်ပါ။) ဒီဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြချက်အရ စက်တင်ဘာ ၂၁ ရက်က e-Government ဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေးအစည်းအဝေးကျင်းပနေပုံအဖြစ် ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ထို့အပြင် “ဤဆုံးဖြတ်ချက်ကို စတင်ခဲ့သူမှာ endocrine ဂလင်းများနှင့် ဟော်မုန်းများ ချို့ယွင်းချက်များကို ရောဂါရှာဖွေ ကုသရန် အရည်အချင်းပြည့်မီသော ဆေးပညာရှင် အကြီးအကဲ Aisha Umarov ဖြစ်သည်။”ဆိုတဲ့အကြောင်းအရာကို Fact Crescendo Myanmar အနေနဲ့ စိစစ်ခဲ့ပါတယ်။ “Aisha Umarov”အမည်နဲ့ ထင်ရှားတဲ့ ဆီးချိုဆရာဝန်ကို မတွေ့ရပါဘူး။ သို့သော်လည်း ဆီးချိုပညာရှင်အဖြစ် ဒီဘလော့ဂ်ပို့စ်ပါဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘမ်ရွန်ဂရက်(bumrungrad)ဆေးရုံက Dr. Chorthip N. Phattanasri ရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ ဆေးရုံးရဲ့ သူမနဲ့ပတ်သက်တဲ့ကိုယ်ရေးအချက်အလက်ကိုအောက်ပါ အတိုင်းတွေ့ရ ပါတယ်။

သုံးသပ်ချက်
Gluco Pro ဆိုတဲ့ အမှတ်တံဆိပ်ထုတ်ကုန်ဟာ ဆီးချိုရောဂါကို ကုသနိုင်တယ်လို့ ကြော်ငြာရောင်းချနေပေမဲ့ ယုံကြည်ရလောက်တဲ့ ထောက်အထားမရှိချိန်မှာ အတုအယောင်ပြောဆိုဖန်တီးချက်တွေနဲ့ မြန်မာဘာသာ အသုံးပြုသူတွေအကြားကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ ဆီးချိုရောဂါအတွက် သက်သာအောင်သာ လုပ်ပေးနိုင်တဲ့ ဆေးဝါးမျိုးသာရှိပြီး ကုသပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Title:Fact Check: စစ်တပ်ခန့် လူကယ်/ပြန်ဝန်ကြီးဌာနက Gluco Pro ကိုထောက်ခံချက် ပေးထားတယ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False