Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်

Misleading နိုင်ငံရေး | Politics

ဧပြီ ၄ ရက်မနက်ပိုင်းက နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒီသတင်းရဲ့ နောက်ဆက်တွဲ ချဲ့ကားထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို နောက်ထပ်ယူကျု့ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

“နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု 

ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး

ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ ”

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ် ပြောဆိုချက်တခုမှာတော့ နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အကြောက်လွန်ကာ စစ်ခေါင်းဆောင်တွေက လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်မှုထမ်းဥပဒေကိုလည်း ဖျက်သိမ်း လိုက်တယ်လို့ ဆိုထားပါတယ်။ ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

ဒီလိုပဲ နေပြည်တော်ကို တိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နေအိမ်ပြာကျပြီး မိသားစုဝင်တွေ ထိခိုက်သေဆုံးတယ်၊ အေလာလေဆိပ် မီးလောင်ပြာကျခဲ့တယ်စတဲ့ဖော်ပြချက်တွေလည်း တွေ့ရပါတယ်။ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

“KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာ “နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ”၊ “နေပြည်တော် စစ်ရုံးချုပ်ဗုံးခွဲခံရမှုအပြီးလူငယ်အကုန်ပြန်လွှတ် စစ်မှုထမ်း ဥပဒေကို ယာယီဖျက်သိမ်းကြောင်း ကြေညာ” စသည်ဖြင့် ဖော်ပြခဲ့ပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ 

ဆက်လက်ပြီး ဗွီဒီယိုထဲက အသံနဲ့ဖော်ပြချက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ် မီဒီယာကဖော်ပြခဲ့တဲ့ “Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင် ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့”ဆိုတဲ့ သတင်းနဲ့ နောက်ထပ်စစ်မှုထမ်းဥပဒေ ရုပ်သိမ်းတဲ့ သတင်းမှာတော့ ပေါ်ပြုလာသတင်းဌာနကဖော်ပြခဲ့တဲ့ “တိုက်ခိုက် ရေးကျောင်း(ဗထူး)သို့ ဒုချုပ်သွားရောက်ကာ သင်တန်းသားများနှင့်တွေ့ဆုံ”တဲ့အကြောင်း ဖော်ပြချက်ကို ‌ပြန်လည်ဖော်ပြနေခြင်းသာဖြစ်တယ်။

သုံးသပ်ချက်

နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့တဲ့သတင်း ဖော်ပြအပြီးမှာ သတင်း ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတဲ့ ယူကျု့ချန်နယ်တွေဟာ  ထုံစံအတိုင်းပဲ သတင်းမီဒီယာတွေမှာ မူလဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိခဲ့ပါတယ်။ ယုံကြည် ရလောက်တဲ့ သတင်း အရင်းအမြစ်တွေမှာ စစ်ခေါင်းဆောင်နေအိမ်ပါ တိုက်ခိုက်ခဲ့တဲ့အထဲမှာ ပါကြောင်းဖော်ပြပေမဲ့ သေဆုံးမှု၊ ထိခိုက်မှုဖော်ပြချက်မရှိပါဘူး။ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ် ဖြန့်ချိလေ့ရှိပါတယ်။

ပြောဆိုချက်- နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ်ဗုံးကြဲမှု တိုက်လေယာဉ် ၁၃ စီးပျက်ဆီးပြီး ဒုတပ်ချုပ် စိုးဝင်းနဲ့အရာရှိ ၂၂ ဦးပွဲချင်းပြီးသေ

Avatar

Title:Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *