Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

False နိုင်ငံရေး၊

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။ 

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။

“လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေကဖြစ်စေ၊ သတင်းအရင်းအမြစ်ကဖြစ်စေ တစုံတရာဖော်ပြချက်မရှိပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။

အခုလို ဖြန့်ချိနေတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင်လည်း အခုလိုပဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ သို့မဟုတ် မီဒီယာအချို့က ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

၁ မိနစ်ကျော်သာရှည်လျားတဲ့ ဒီယူကျူ့ ဗွီဒီယိုထဲမှာလည်း  “ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကာ/လုံအစည်းအဝေး ကနေတိုးပေးတဲ့ ၆ လသက်တမ်းကုန်ဆုံးပြီဖြစ်၍  ရာသက်ပန်အနားယူတော့မယ်လို့ မင်းအောင်လှိုင်ပြော” စသည်ဖြင့် သတင်းခေါင်းစဉ်အနေနဲ ဖတ်ကြားခဲ့ပြီး “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ၆ လသက်တမ်းတိုးပေးမှုဟာ ဒီလ ဇန်နဝါရီလမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ရာထူးသက်တမ်းတိုးလို့မရတော့ တာကြောင့် ရာထူးကနေ ရာသက်ပန် အနားယူတော့မယ်လို့ မင်းအောင်လှိုင်ပြောလိုက်ပါတယ်”လို့လည်း ဒီဗွီဒီယိုထဲမှာ အစီစဉ်တင်ဆက်သူက ဆိုပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ  ၂ နှစ်သက်တမ်းအထိတာ အရေးပေါ်ကာလကို ကြေညာနိုင်တာကြောင့် ဆက်လက်သက်တမ်းတိုးလို့ ရနိုင်ဖွယ်မရှိဘဲ ခေါင်းဆောင်နေရာကနေ အနားယူပြီး ရုပ်သေးအစိုးရ ဖွဲ့နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ခန့်မှန်း ခဲ့ကြပါတယ်။ သို့သော်လည်း စစ်ခေါင်းဆောင်ဟာ အာဏာကို စွန်လွှတ်ခြင်းမရှိဘဲ ဆက်လက်အာဏာကို ကိုင်စွဲထားပါတယ်။

သုံးသပ်ချက်

ယခုလကုန်မှာ စစ်ခေါင်းဆောင်ရဲ့ အရေးပေါ်ကြေညာချက် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ သို့ပေမဲ့ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ် ဆိုတာမဟုတ်ပါဘူး။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။

Avatar

Title:Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *