Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

နိုင်ငံရေး၊

တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေး လိုက်တယ်လို့ထားတဲ့ သတင်းတုဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီထဲမှာပါပဲ အာဏာလွှဲပြောင်းပေးမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြောင်းဖော်ပြပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“နစက ဥက္ကဌ ကာချုပ်မင်းအောင်လှိုင် တနိုင်ငံလုံး စစ်ကောင်စီတပ်များကို လက်နက်ချခိုင်းပြီ မနိုင်တော့ မှန်းသိလို့ အာဏာခုချက်ချင်းလွှဲပေးမယ်ဟု ပြောပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ 

ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ သတင်းအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့ “ရှမ်းမြောက်ရှိ သိန္နီရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေပြီး လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိဟု MNDAA က ထုတ်ပြန်”၊ “ဒီပဲယင်းမြို့ပေါ်ရှိ အရက်ဆိုင်ထိုင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “KNU တပ်မဟာ ၆ နယ်မြေမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်”စတဲ့ သတင်းတွေကို ဖော်ပြထားခြင်းဖြစ်တယ်။ ဗွီဒီယိုတခုလုံးမှာ စစ်ခေါင်း‌‌ဆောင်အကြောင်းမပါသလို သူတို့လက်အောက်ခံတပ်တွေကို လက်နက်ချခိုင်းတဲ့ သတင်းလည်းမပါဝင်ပါဘူး။

အောက်တိုဘာ ၂၇ ရက်မှာ စတင်လိုက်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေနဲ့ ပတ်သပ်ပြီး MNDAA၊ TNLA နဲ့ AA နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေကို Operation 1027 – 3BHA အမည်နဲ့ ဒီဖေ့စ်ဘွတ်စာ မျက်နှာမှာကြည့်နိုင်ပါတယ်။ MNDAA ရဲ့ သတင်းပြန်ကြားရေးစာမျက်နှာ တခုဖြစ်တဲ့ The Kokang မှာ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲသတင်းတွေကို အဓိက ပြန်လည်ဖြန့်ချိထားခြင်းဖြစ်တယ်။ ဒီလိုဖြန့်ချိရာမှာ လူတွေစိတ်ဝင်စားမှုမြှင့်တင်ဖို့အတွက် စစ်ခေါင်းဆောင် က လက်နက်ချခိုင်းတဲ့သတင်းအဖြစ် ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *