Fact Check: MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရတဲ့ သတင်းတု

နိုင်ငံရေး၊

 MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရလို့ စစ်ခေါင်းဆောင် ဒေါသထွက်ပြီး ပေါက်ကွဲပြီး လေယာဉ်မှူးတွေကို ပါးရိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိထားတယ်။

 “MIG-29 တိုက်လေယာဉ် ၄စီးပစ်ချ

မင်းအောင်လှိုင် ဒေါသထွက်ပေါက်ကွဲနေ

လေယာဉ်မှုးတွေကိုခေါ်ယူစစ်ဆေးပါးရိုက်”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်း တွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေ လေ့ရှိတဲ့ ချန်နယ်ဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်ဟာ သတင်းမီဒီယာလုပ်ငန်းကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာ ရဲ့ အမည်နာမကို တုပထားခြင်းလည်းဖြစ်တယ်။

ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှု ကိုရင်နှင့် ရဟန်းများအပါအဝင် ၁၀ ဦးကျော်ဒဏ်ရာရ”ဆိုတဲ့ သတင်းကို ဖော်ပြနေခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ကြောင့် ရဟန်းတပါး၊ ကိုရင်တပါး အပါအဝင် လူ ၁၀ ဦးကျော် ဒဏ်ရာရသွားခဲ့ပြီး အဆောက်အဦးများ နေအိမ်များ ပျက်စီးခဲ့ကြောင်းဖော်ပြပေမဲ့ ဒီသတင်းထဲမှာ စစ်တပ်တိုက်ခိုက်ရေး လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တဲ့အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲမှု ရဟန်းတွေအပါအဝင် ၁၀ ဦးကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ စစ်ကောင်စီတိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *