Fact Check: မိတ္ထီလာလေတပ်စခန်းအသိမ်းခံရပြီး လက်နက်ဂိုဒေါင်ပြာကျသွားတဲ့ သတင်းတု 

Misleading နိုင်ငံရေး | Politics

မိတ္ထီလာလေတပ်စခန်းအသိမ်းခံလိုက်ရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၈ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆သောင်း ဝန်းကျင်ရှိတယ်။

“လုံခြုံ‌ရေးအင်အားနဲနေတဲ့ မိတ္ထီလာလေတပ်စခန်းသိမ်းပိုက်လိုက်ပြီ တပ်ခွဲမှူးခေါင်းပွင့်သေ၊ လက်နက်ဂိုဒေါင်ပြာကျ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု သတင်းမတွေ့ရပါဘူး။ Real News Channel အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး မသက်ဆိုင်တဲ့ခေါင်းစဉ်လွဲ သို့မဟုတ် ခေါင်းစဉ်တုနဲ့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ မီဒီယာတွေက ဇန်နဝါရီ ၁၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ပထမဆုံးသတင်းဖြစ်တဲ့ KNU အုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀၀၀ ကျော်သေဆုံးတဲ့ သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒုတိယနဲ့ တတိယသတင်းတွေဖြစ်တဲ့ “သေမှာစိုး၍ ရခိုင်မှ ထွက်ပြေးလာသည့် ဗျူဟာမှူးကို စစ်ကောင်စီ ဖမ်းဆီး”၊ “ပြင်ဦးလွင် လမ်းပိုင်းကို PDF များ ၀င်ရောက်လာသည်ဆိုသည့် သတင်းကြောင့်  စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ထိ ဆင်းလာကာ လမ်းပိတ်စစ်ဆေးနေ”စတဲ့ သတင်းတွေကို ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ 

နောက်ထပ်သတင်းဖြစ်တဲ့ “စစ်ကောင်စီ၏ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးစားမှု  ရပ်တန်းကရပ်ရန် တောင်ပိုင်းစစ်ဒေသ သတိပေး”ဆိုတဲ့ သတင်းကို လူထုနွေဦးသတင်းဌာနရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုတခုလုံးမှာ မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုသတင်းအကြောင်းမပါဝင်ပါဘူး။ ဒီလိုတိုက်ခိုက်ခံ ရတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စစ်ကောင်စီနဲ့‌တော်လှန်ရေးအဖွဲ့အစည်းတွေအကြားတိုက်ပွဲနဲ့ အခြားသော အ‌ထွေထွေသတင်းတွေကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး လက်နက်တိုက် မီးလောင်ပြာကျ

Avatar

Title:Fact Check: မိတ္ထီလာလေတပ်စခန်းအသိမ်းခံရပြီး လက်နက်ဂိုဒေါင်ပြာကျသွားတဲ့ သတင်းတု

Written By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *