Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

နိုင်ငံရေး၊

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လူတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို‌ ကြေညာလာ တာကို အကြောင်းပြုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေလာတာတွေ့ရပါတယ်။  

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာအပါအဝင် စစ်မှုမထမ်းဘဲ ပြည်ပပြေးရင် ပစ်သတ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားတယ်၊ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရန်ကုန်မှာ လူမိုက်တွေက ဓားနဲ့လိုက်ခုတ်တယ်စသည်ဖြင့် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“စစ်မှုမထမ်းမနေရအမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ ပြည်ပပြေးရင် ပစ်သတ်ရန်အမိန့်ထုတ်”

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ်ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီတခုမှာတော့ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို ဓားနဲ့ခုတ် ပြည်သူများထွက်ပြေးပုန်းရှောင်နေရ”စသဖြင့်ရေးသားမျှဝေထား ပါတယ်။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရရှိထားပါတယ်။ 

အချက်အလက်စိစစ်ချက်

စစ်သားစုဆောင်းတာမခံချင်လို့ ပြည်ပထွက်ပြေးရင် ပစ်သတ်ဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တရားဝင်ထုတ်ပြန်တာ လည်းမတွေ့ရပါဘူး။

တကယ်တမ်း ဒီလိုရေးသားဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင်  သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန”ကို အမည်နာမ တုပထားပြီး သတင်းဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ်တယ်။ 

ဒီလိုပဲ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို ဓားနဲ့ခုတ်”တယ်ဆိုတဲ့ သတင်းကိုလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြတာမတွေ့ရပါဘူး။ 

ဗွီဒီယိုထဲမှာဖတ်ကြားနေတဲ့အကြောင်းအရာကတော့ Connect Burma အမည်နဲ့သတင်းစာမျက်နှာကဖော်ပြခဲ့တဲ့ “စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီး နောက် မော်လမြိုင် မြို့က ရပ်ကွက်တချို့ မှာ လူဦးရေစာရင်းကောက်ခံ”၊ “Western News”အမည်နဲ့ သတင်းစာမျက်နှာကဖော်ပြခဲ့တဲ့ “စစ်တွေက တပ်မိသားစုများကို လေယာဉ်စင်းလုံး ဖြင့် စစ်ကောင်စီပြောင်းရွှေ့နေ”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ချောင်းဦးမြို့နယ်မှာ စစ်တပ်က လူငယ်များဖမ်းဆီးနေလို့ ပြည်သူများ သတိပြုသွားလာကြဖို့ PDFအဖွဲ့များ သတိပေး”စတဲ့သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သတ်ပြီး မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတဆင့် ရှင်းလင်းချက်မှာ စစ်တပ်အနေနဲ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းကို ဆင့်ခေါ်ဖို့မရှိဘဲ ရပ်ကွက်တခုလျှင် တယောက်မှ ၂ ယောက်နှုန်းသာစစ်ထဲဝင်ရန်လိုအပ်မယ်လို့ ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် လူထုဆန့်ကျင်မှုကို အကြီးအကျယ်ခံနေပြီး နိုင်ငံတဝှမ်း လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြင်းထန်နေချိန်မှာပဲ အငြင်းပွားဖွယ် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းလာတဲ့အပေါ် လူထုက စိုးရိမ်နေပြီး အာဏာအလွဲသုံးစားလုပ်ကာ အဓမ္မပေါ်တာ ဆွဲတာ၊ ‌ငွေညှစ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖွယ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်လည်းရှိပါတယ်။

သုံးသပ်ချက်

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုပြီး မြန်မာစစ်ကောင်စီက ရုတ်တရက် အမိန့်ထုတ်ခဲ့ပြီးနောက် လူထုအကြား စိုးရိမ်မှုတွေ မြင့်တက်နေပြီး စစ်မှုထမ်းဥပဒေဟာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပြောဆိုဆွေးနွေးမှု အများဆုံးအကြောင်းအရာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ ဒီလို လူတွေစိတ်ဝင်စားမှု မြင့်တက်နေတဲ့ အခြေအနေမှာ စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲ ဖမ်းဆီးခံရမှုအဖြစ် သတင်းမီဒီယာတွေ ကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး လိုအပ်ခေါင်းစဉ်တု တပ်ကာ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

Written By: နေရာမောင် 

Result: Insight


Leave a Reply

Your email address will not be published. Required fields are marked *