Fact Check: SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာတဲ့ သတင်းတု

False နိုင်ငံ‌ရေး

ရှမ်းလက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ဒီအပြင် RCSS က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်လို့ လည်းပါရှိပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“အရေးပေါ်သတင်း အကြမ်းဆုံးလက်နက်ကိုင် ၂ ဖွဲ့ RCSS နဲ့ SSPP အခုပဲ နေပြည်တော်ကို စစ်ကြေညာ NCA အကုန်ဖျက်သိမ်းကြောင်း RCSS ကြေညာ”

မူရင်းလင်ခ့် – Youtube links | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “Nway Oo Tv News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူဖြန့်ချိပြီး အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။

၈ မိနစ်‌ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ အခုလည်း ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမည်ဟု ကြေညာ”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။ ဒီဆောင်းပါးထဲမှာ ၂၀၂၃ နှစ်ချုပ်အစည်းအဝေးအတွက် SSPP နဲ့ RCSS တို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခြားသော အကြောင်း အရာများနှင့် ပတ်သက်၍ တဖွဲ့ချင်းစီ၏ သဘောထားများ မတူသော်လည်း အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်(တရုတ်ဘာသာဖြင့် “ကျားဖြန့်”) လုပ်ငန်းများကို တားဆီးနှိမ်နင်းသွားမည် ဆိုသောအချက်မှာ တူညီကြောင်းနဲ့ ဒီ ၂ ဖွဲ့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းနေတဲ့အကြောင်းတွေကို အဓိက ရေးသားထားတာဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အာဏာသိမ်း စစ်တပ်လက်အောက်ခံ တပ်ဖွဲ့တွေဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်နေတာကို တချိန်က ၎င်းတို့ထိန်းချုပ်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ စစ်ပွဲများအတွင်းမှာ ဖုံးမနိုင် ဖိမရဖြစ်ခဲ့ရပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဟာ ရှမ်းမြောက်စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေးရဲ့ အကြောင်းပြချက်တွေထဲမှာ ဒီလုပ်ငန်းတွေကို နှိမ်နှင်းဖို့ဆိုတဲ့အကြောင်းပြချက်ပါဝင်တဲ့ အထိလည်း စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုမျိုးစုံကြီးထွားခဲ့ပါတယ်။ အခြားသောလက်နက်ကိုင် တပ်တွေထဲမှာလည်း ဒီလုပ်ငန်းကို နှိမ်နှင်းရမယ့် ဦးစားပေးလုပ်ငန်းတခုအဖြစ် လွှမ်းမိုးခဲ့တဲ့ ခေါင်းစဉ်တခုလည်းဖြစ်ခဲ့ပါတယ်။  

သို့သော်လည်း သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်ထဲမှာ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ RCSS ဟာ အခုချိန်အထိ အပစ်ရပ်စာချုပ်ကို ကိုင်စွဲထားပါတယ်။ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဟာ နေပြည်တော်က ဖိတ်ကြားတဲ့ပွဲတိုင်းကို တက်ရောက်ခြင်း၊ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေကို ရှောင်ရှားခြင်း၊ အာဏာသိမ်းအပြီးဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ PDF တွေကို ဝေဖန်ပြခြင်းအားဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပိုမိုနီးစပ်တဲ့ဆက်ဆံရေးရှိတာတွေ့ရပါတယ်။ 

သုံးသပ်ချက်

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS ဟာ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သတ်ပြီး မူလက ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစတယ်။ ဒီဆောင်းပါးထဲမှာထဲမှာလည်း ဒီလိုလုပ်ငန်းတွေကို နှိမ်နှင်းမယ်ဆိုတာဟာ စစ်ကောင်စီကို စစ်ကြေညာတဲ့သ‌ဘောအဖြစ် ဖော်ပြခဲ့ခြင်းမရှိတာလည်းတွေ့ရပါတယ်။ 

ပြောဆိုချက်- SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာ

Avatar

Title:Fact Check: SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *